သတင်းသမားများ

June 27, 2019

သတင်းသမားများကို တရားစွဲရာတွင် မီဒီယာကောင်စီကို ဦးစွာတိုင်ကြားရန် တိုက်တွန်း 

တပ်မတော်အနေနဲ့ သတင်းသမားတွေကိုတရားစွဲဆိုရာမှာ သတင်းမီဒီယာဥပဒေနဲ့ သတင်းမီဒီယာကောင်စီကို ဦးစွာတိုင်ကြားပြီးမှသာ ဆောင်ရွက်ဖို့လိုတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။ တပ်မတော်အနေနဲ့ သတင်းမီဒီယာတွေကို တရားစွဲမယ်ဆိုရင် သတင်းမီဒီယာဥပဒေနဲ့သာ ဆောင်ရွက်ဖို့လိုပြီး တခြားဥပဒေတွေနဲ့ လုပ်ဖို့မလိုဘူးလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး  ဦးကျော်စွာမင်းက ပြောပါတယ်။ သတင်းမီဒီယာကောင်စီဖြစ်နေတဲ့ အတွက် သတင်းမီဒီယာဥပဒေနဲ့သာ ရပ်တည်သွား မယ်လို့ ဇွန် ၂၇ ရက်က ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းမီဒီယာဘေးကင်းလုံခြုံရေး ဆိုင်ရာ အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။ လက်ရှိအချိန် တပ်မတော်နဲ့သက်ဆိုင်တဲ့ သတင်းတွေ ရေးသားဖော်ပြတာတွေကို မလိုလားအပ်တဲ့သဘောမျိုးမှာ ရှိနေပြီး တနည်းအားဖြင့် ကန့်သတ်ထားတဲ့သဘောမျိုး ရှိနေတယ်လို့လည်း သတင်းမီဒီယာ ကောင်စီတာဝန်ရှိသူက ပြောပါတယ်။ အခုလက်ရှိ တပ်မတော်ဘက်က သတင်းသမားတွေကို စွဲတဲ့ ဥပဒေ ပုဒ်မတွေဟာ ပြောင်းပြန်သဘောမျိုးဖြစ်နေတယ်လို့   သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုပါတယ်။ သတင်းသမားတွေရဲ့ သတင်းရေးသားဖော်ပြမှုတွေဟာ တပ်မတော်ရဲ့အခွင့်အရေးကို ထိခိုက်တယ်ဆိုတဲ့ သဘောမျိုး ယူဆတာရှိသလို  သတင်းအတတ်ပညာနဲ့ စွပ်စွဲရေး သားဖော်ပြတာမျိုးတွေလို့ မှတ်ယူတဲ့သဘောမျိုး တပ်မတော်ဘက်မှာ ရှိနေတယ်လို့လည်း သတင်းမီဒီယာကောင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် သတင်းမီဒီယာကောင်စီအနေနဲ့ အာဏာပိုင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် သတင်းသမားတွေကို ကာကွယ်ဖို့ ၀င်ရောက်တားဆီး စွက်ဖက်လို့မရဘူးလို့ ဆိုပါတယ်။
2 years Ago

May 3, 2019

လူထု အားကိုးအားထားပြုနိုင်သည့် သတင်းမီဒီယာများအဖြစ် ရပ်တည်ရန် ကာချုပ်တိုက်တွန်း

ပြည်သူလူထုက အားကိုးအားထားပြုနိုင်တဲ့ သတင်းမီဒီယာများအဖြစ် ရပ်တည်ကြဖို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ သဝဏ်လွှာပေးဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။ မေလ ၃ ရက်မှာ ကျရောက်တဲ့ World Press Freedom Day အခမ်းအနားကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးစီးပြီး ရန်ကုန်မြို့တော်ခန်းမမှာ ဒီကနေ့မနက်က ကျင်းပရာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့က သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြတာပါ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဝဏ်လွှာမှာတော့ သတင်းစကားတိုင်းဟာ သန့်ရှင်းစင်ကြယ်ပြီး မူလအတိုင်း မှန်မှန်ကန်ကန်ဖြစ်ဖို့ အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ အရ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိတယ်ဆိုပေမယ့် တခြားသူတွေရဲ့ အခွင့်အရေး၊ အများပြည်သူ အေးချမ်းသာယာရေးနဲ့ အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် ဥပဒေအရ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေ အတိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိတာကို သတိပြုကြရမယ်လို့လည်း ဆိုပါတယ်။ စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာတွေဟာ လွတ်လပ်မှု၊ မှန်ကန်မှု၊ တရားမျှတမှု၊ ဥပဒေအရ ညီညွတ်မှုရှိတဲ့ သတင်းစကားတွေအတွက် ပြည်သူလူထုက အားကိုးအားထားပြုနိုင်တဲ့ သတင်းမီဒီယာတွေအဖြစ် ရပ်တည်ဖို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောသွားပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ စာနယ်ဇင်းသမားတွေအနေနဲ့ မီဒီယာဆိုင်ရာ အရည်အသွေးတွေကို ကြိုးပမ်းမြှင့်တင်ကြပြီး ဒီမိုကရေစီရေးကို ကာကွယ်တဲ့ စာနယ်ဇင်းသမားတွေ ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ ယနေ့ကာလကဲ့သို့ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုနိုင်တဲ့ အခြေအနေမျိုး ရောက်ရှိအောင် ရင်းနှီးပေးဆပ်မှုများစွာနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ရကြရတဲ့ အကြောင်းနဲ့ မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်မှာ တက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ သတင်းစာဆရာကြီးတွေကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ ချီးကျူး မှတ်တမ်းတင်တယ်လို့ ပြောသွားပါတယ်။ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကလည်း သတင်းမီဒီယာလောကမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ပဋိပက္ခတွေကို ပိုပြီး ဆိုရွားစေမယ့် သတင်းတု သတင်းအမှားတွေ ပျံ့နှံ့နေတာကို သတိထားပြီး ဖြေရှင်းရှောင်ရှားကြဖို့ သတင်းမီဒီယာသမားတွေကို တိုက်တွန်းပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ တရားစွဲဆိုခံထားရတဲ့ သတင်းသမား အမှုပေါင်း ၃၁ မှုနဲ့ တရားရင်ဆိုင်နေရတဲ့ သတင်းသမား ၄၇ ဦးရှိပြီး ဒီအထဲမှာ တပ်မတော်က တရားစွဲဆိုထားတဲ့ အမှု ၄ မှု ပါဝင်တယ်လို့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လတ်တလော ဧရာဝတီသတင်းဌာနနဲ့ အာအက်ဖ်အေ သတင်းဌာနတို့ရဲ့ သတင်းသမားတွေကို တပ်မတော်က တရားစွဲဆိုထားပါတယ်။
2 years Ago
More News
Up