သတင်းစာခေါင်းစီးပိုင်းများတွင် နေရာယူနေသည့် သရဲခြောက် စာသင်ကျောင်း

October 30, 2017

သတင်းစာခေါင်းစီးပိုင်းများတွင် နေရာယူနေသည့် သရဲခြောက် စာသင်ကျောင်း (ရုပ်သံ)

အိုင်ယာလန်နိုင်ငံမှ စာသင်ကျောင်းတကျောင်းမှာ မကြာခဏ သရဲခြောက်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေ ထွက်ပေါ်ခဲ့ပြီးနောက် ဒါဟာ ကမ္ဘာ့သရဲအခြောက်ဆုံး စာသင်ကျောင်းလေလားဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အဲဒီကျောင်းဟာ အိုင်ယာလန်နိုင်ငံ၊ ကော့ခ်မြို့မှ ဒီယားပါ့ခ်စီဘီအက်စ် ကျောင်းဖြစ်ပြီး သိပ်မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သရဲခြောက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေဟာ သတင်းစာ ခေါင်းစီးပိုင်းတွေမှာ နေရာယူထားခဲ့တာပါ။ ခုထွက်ပေါ်လာတဲ့ ကျောင်းတွင်း လူသွားစင်္ကြံလမ်းမှ သရဲခြောက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကတော့ တလအတွင်း ဒုတိယအကြိမ်မြောက် ထွက်ပေါ်လာတာ ဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ အောက်တိုဘာ ၂၉ ရက်နေ့က ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဝုန်းကနဲ ထိတ်လန့်ဖွယ် အသံကြီးနဲ့အတူ တခန်းလုံး တုန်ခါသွားခဲ့ပြီး စတင်ခဲ့တာကို တွေ့ရပါတယ်။ အချိန်အနည်းငယ်အကြာမှာတော့ စင်္ကြံလမ်းပေါ်မှာရှိနေတဲ့ ကုလားထိုင်ဟာ မ,ယူလိုက်သလို မြောက်တက်လာပြီးမှ အသံကျယ်ကျယ်နဲ့ ပြန်ကျသွားခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်တော့ ဘီရိုပေါ်က ကျောင်းလွယ်အိတ်ဟာ ပြုတ်ကျလာခဲ့ပြီးနောက်မှာတော့ ကားချပ်တခုဟာ နံရံပေါ်ကနေ လွင့်ထွက်လာခဲ့ပြီး ကြမ်းပြင်ဆီ ကျလာခဲ့တာပါ။ အဲဒီနောက် ကင်မရာအနီးက ထိုင်ခုံတလုံးကို ကြမ်းပြင်မှာ တရွတ်တိုက် အသံမြည်အောင် တွန်းယူသလို နံရံတဖက်ကို ရွေ့သွားခဲ့တာကို ကြောက်မက်ဖွယ် တွေ့ရပါတယ်။ ဒါဟာ အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီခွဲလောက်မှာ မှတ်တမ်းတင် ရိုက်ကူးထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကျောင်းက သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရုပ်သံဗွီဒီယိုဖိုင်ကို တင်ခဲ့ပြီး “ဒါကတော့ ဖြစ်ခဲ့ပြီ။ ဒီးယားပါ့ခ်စီဘီရဲ့ စီစီတီဗွီ ရုပ်သံအသစ်ပေါ့” လို့ ရေးသားဖော်ပြခဲ့တာပါ။ အဲဒီနောက် ယူကျုကလည်း ဒီရုပ်သံဗွီဒီယိုဖိုင်ကို ပြန်လည်မျှဝေခဲ့ပြီး “သရဲခြောက်ခြင်းလား။ နောက်ပြောင်လိမ်လည်တဲ့ လှည့်ကွက်တခုလား။ ဒီးယားပါ့ခ်စီဘီအက်စ်ဟာ ကမ္ဘာ့သရဲအခြောက်ဆုံး ကျောင်းလား” လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီကျောင်းတွင်းမှာ အောက်တိုဘာ ၁ ရက်နေ့က ထွက်ပေါ်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အခန်းတွင်း ထိန်းချုပ်လို့မရအောင် လှုပ်ခါခဲ့ပြီးနောက် အလင်းရောင်တွေ တဖျပ်ဖျပ်နဲ့ ရှိနေခဲ့ကာ ဘီရိုဟာ သူ့အလိုလိုပွင့်ပြီး စာအုပ်တွေ၊ စာရွက်စာတမ်းတွေ လွင့်စင်ထွက်ခဲ့တာပါ။ အဲဒီကျောင်းက ကျောင်းသားတဦးဆိုသူက “ကျနော်က အဲဒီကျောင်းက ကျောင်းသားတယောက်ပါ။ ကျောင်းက ဒု-ကျောင်းအုပ်ဟာ ဒါကို အပြောင်အပျက်သဘောနဲ့ စိတ်ဝင်စားမှုရအောင် လုပ်ခဲ့တာဖြစ်တယ်” လို့ မှတ်ချက်ရေးခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ ဝေဖန်မှုတွေ မြင့်တက်နေပြီး ဒါဟာ ဆိုးဝါးတယ်လို့ ပြောနေကြသလို တကယ်လို့ ဒါဟာ သတင်းတုဖြစ်တယ် ဆိုရင်လည်း သက်သေပြသင့်တယ်လို့ ပြောနေကြပါတယ်။ တချို့ကလည်း ဒါဟာ လာမယ့် ဟောလဝင်းပါတီနဲ့ အချိန်ကိုက် စိတ်ဝင်စားမှုရအောင် လုပ်တာမျိုး ဖြစ်နိုင်တယ်လို့လည်း ဝေဖန်နေကြပါတယ်။
4 years Ago
Up