သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်း

April 23, 2021

မြန်မာ့သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်းတို့ကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်

မြန်မာနိုင်ငံပိုင် သစ်ထုတ်လုပ်ရေးလုပ်ငန်းနဲ့ ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်း ၂ ခုကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်းပြီး စီးပွားရေးနဲ့ ကုန်သွယ်ရေး ပိတ်ဆို့ ဒဏ်ခတ်လိုက်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီကို ဖိအားတိုးပေးဖို့ အမေရိကန်ကရည်ရွယ်ခဲ့တာလို့ အမေရိကန် ဘဏ္ဍာရေးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက ပြောပါတယ်။

သစ်ထုတ်လုပ်ရေးလုပ်ငန်းနဲ့  ပုလဲလုပ်ငန်း နှစ်ရပ်ဟာ အာဏာသိမ်း စစ်တပ်အတွက် အဓိက ဝင်ငွေရင်းမြစ်တွေကို ပံ့ပိုးပေးနေတယ်လို့လည်း အမေရိကန်က စွပ်စွဲ ထားပါတယ်။

ခုလို ပိတ်ဆို့ဒဏ်ခတ်တာနဲ့ ပတ်သက်ပြီး မြန်မာ့သစ်လုပ်ငန်းကို ဆက်သွယ်လို့ မရသလို ပုလဲလုပ်ငန်းနဲ့ အမေရိကန်ဆိုင်ရာ မြန်မာသံရုံးကို ဆက်သွယ်ရာမှာလည်း  ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံမှုရှိလာအောင် စစ်တပ်အတွက် ရံပုံငွေရရှိနေတဲ့ လမ်းကြောင်းတွေကိုပစ်မှတ်ထားပိတ်ဆို့တာတွေ ဆက်ပြီး လုပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကလည်း ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

“ကျနော်တို့ဟာ မြန်မာပြည်သူတွေရဲ့ စစ်အာဏာသိမ်းမှုကျဆုံးရေး အားထုတ်မှုတွေကို ဆက်ပြီး ထောက်ခံသွားမယ်။ မြန်မာစစ်တပ်ကိုလည်း  အကြမ်းဖက်မှု ရပ်တံ့ဖို့၊ မတရား ဖမ်းဆီးခံ အားလုံးကို ပြန်လွှတ်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ဆောင်ကြဉ်းဖို့ ဆော်သြတယ်” လို့ ဝန်ကြီး ဘလင်ကန်က ဆက်ပြောပါတယ်။

အမေရိကန် ဘဏ္ဍာရေး ဌာနကလည်း  ဒဏ်ခတ်တာဟာ မြန်မာပြည်သူတွေကို ဦးမတည်ဘဲ အာဏာသိမ်းသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့နဲ့ ရံပုံငွေ ဖြတ်တောက်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံပိုင် ပုလဲလုပ်ငန်းဟာ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန လက်အောက်မှာ ရှိပြီး ကမာကောင် ဖမ်းဆီးမွေးမြူရေးနဲ့ ပုလဲပြပွဲကတဆင့် ပုလဲရောင်းချရေး လုပ်ကိုင်သလို ပုလဲလုပ်ငန်းရှင်တွေကို လိုင်စင်ချပေးရမှာ တာဝန်ရှိတဲ့ဌာနဖြစ်တယ်လို့  အမေရိကန် ဘဏ္ဍာရေး ဌာနက ပြောပါတယ်။

2 weeks Ago
Up