သစ်တောအရာရှိ

September 28, 2020

တရားမဝင်သစ်သွားဖမ်းသည့် သစ်တောအရာရှိ၏ကားကို ဓားဖြင့်ခုတ်ပြီး ဟန့်တားနှောင့်ယှက်

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်ရှိ မြောက်ဇာမရီသစ်တောကြိုးဝိုင်းအတွင်းကို တရားမဝင်သစ်တွေ ဖမ်းဆီးဖို့ သွားရောက်ခဲ့တဲ့ သစ်တောအရာရှိရဲ့ကားကို လူတစ်စုက ဓားနဲ့တိုက်ခိုက် တားဆီးခဲ့တယ်လို့   သစ်တောဦးစီးဌာနက သိရပါတယ်။ စက်တင်ဘာ ၂၆ ရက် ည ၁၁ နာရီလောက်က စိန်ကန့်လန့်-မြို့ချောင်းကားလမ်း မိုင်တိုင်-၃၂ အရောက်မှာ သစ်တောအရာရှိရဲ့ ကားကို  ကား ၄ စီးနဲ့ လူ ၉ ဦးက လိုက်လံ တားဆီးကာ ဓားနဲ့ခုတ်ပြီး ဟန့်တားနှောင့်ယှက်ခဲ့တာဖြစ်ပါတယ်။ ကြို့ပင်ကောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးဝင်းမြင့်နိုင် က "တရားမဝင်သစ်ကို ဖမ်းဆီးပြီး သယ်ယူဖို့ တာဝန်ထမ်းဆောင်နေစဉ်ကာလမှာ  ဦးဝင်းထွန်းနဲ့ အဖွဲ့က ကျနော့်ကို လူကိုသေစေနိုင်တဲ့ လက်နက်တွေနဲ့ အခုလို လုပ်တဲ့အတွက် တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်သွားမှာ ဖြစ်ပါတယ်၊ ကျနော့်ကားBlack Boxမှာလည်း သူခုတ်တဲ့ သက်သေ အထောက်အထား vodeo file ကျန်ခဲ့ပါတယ်၊ အဲ့ဒါတွေနဲ့ ကျနော် ဦးဝင်းထွန်းနဲ့ အပေါင်းအပါ ၈ ဦး ကို ရဲစခန်းမှာ အမှုဖွင့်မှာ ဖြစ်ပါတယ် " လို့  ဒီဗွီဘီကို ပြောပါတယ်။ မြောက်ဇာမရီသစ်တောကြိုးဝိုင်းအတွင်းမှာ တရားမဝင်သစ်မှောင်ခိုဂိုဏ်းတွေကနေ သစ်ခိုးထုတ်မှုတွေ ရှိနေတာကြောင့် သာယာဝတီခရိုင်အတွင်း မြို့နယ် ၈ ခုက ဦးစီးအရာရှိ ၈ ယောက်ကို စစ်ကြောင်းမှူးတွေအနေနဲ့ တာဝန်ပေးအပ်ပြီး အလှည့်ကျ တာဝန်ယူဆောင်ရွက် ရတာဖြစ်ကြောင်းနဲ့ မြောက်ဇာမရီကြိုးဝိုင်းအတွင်း စစ်ကြောင်းမှူးတာဝန်နဲ့ သွားရောက် ဖမ်းဆီးခဲ့ရာမှ အခုလို ခြိမ်းခြောက်အကြမ်းဖက်ခံရတာလို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးဝင်းထွန်းနဲ့ ၈ ဦးကို ကြို့ပင်ကောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းမြင့်နိုင်က စက်တင်ဘာ ၂၇ ရက်မှာ  တရားလိုပြုလုပ် တိုင်တန်းကာ လက်ပံတန်းမြို့မရဲခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၉၄ ၊ ၃၅၃၊ ၄၂၇၊ ၁၁၄ တို့နဲ့ အမှုဖွင့်လှစ်ပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်နေတယ်လို့ လက်ပံတန်းမြို့မရဲစခန်းက သိရပါတယ်။  သတင်း - ဝဏ္ဏထွန်း၊ ဓာတ်ပုံ - လက်ပံတန်းသစ်တော်
7 months Ago
Up