သစ်များ ဖမ်းမိ

September 9, 2017

သထုံတွင် တရားမဝင်သယ်ဆောင်လာသည့် သစ်များ ဖမ်းမိ

မွန်ပြည်နယ် သထုံမြို့နယ် သထုံ-ဘားအံကားလမ်းပေါ်ရှိ ဒူးရင်းဆိပ်ဘိနယ် ကြာပန်းကျေးရွာရှိ ရွှေသံလွင်တိုးဂိတ်အနီးတွင် စက်တင်ဘာလ ၈ ရက်နေ့က တရားမဝင် သယ်ဆောင်လာတဲ့ သစ်ခွဲသားတွေ ဖမ်းမိခဲ့ပါတယ်။ သထုံမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်ဌေးဦးက “ကရင်ပြည်နယ် ဘက်ကနေ သထုံဘက်ကိုသယ်လာတယ်၊ သထုံကနေတဆင့် ပေါင်မြို့နယ်ဘက်ကို သွားပို့မယ်လို့ ယာဉ်မောင်းကို စစ်တဲ့အခါမှာသိရတယ်၊ သစ်ကတော့ တောသစ်တွေပါ။ ပိုင်ရှင်တော့မပါလာဘူး၊ တောသစ်ဖြစ်တဲ့အတွက် သစ်တောဥပဒေအရပဲ တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲဆိုသွားမှာပါ” လို့ ပြောပါတယ်။ သထုံမြို့နယ်သစ်တောဦးစီးဌာနက တောအုပ်ကြီး တင်ဌေးဦးနဲ့ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေဟာ ကြာပန်းတိုးဂိတ်အနီး စုပေါင်းဂိတ်မှာ တာဝန်ထမ်းဆောင်နေစဉ် ဘားအံကနေ သထုံကို ဦးကျော်ဖောင် (ခ) ဦးစောကျော်ချိန်ဖေါ့ မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ သစ်ခွဲသား ၇၃ ချောင်း၊ ကာလတန်ဖိုး ၂၄ သိန်းဖိုးလောက် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ သထုံသစ်တောဦးစီးဌာနက တရားမဝင်သစ်သယ်ဆောင်လာတဲ့ ဦးကျော်ဖောင်ကို သစ်တောဥပဒေပုဒ်မ-၄၁ (က) နဲ့ အရေးယူထားပြီး တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ သတင်း-ယူမင်းစိုး
4 years Ago

November 27, 2016

ဗန်းမောက်မြို့နယ်တွင် တရားမဝင် သစ်များ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း နိုဝင်ဘာလ ၂၅ ရက်နဲ့ ၂၆ ရက်နေ့မှာ ၂ ရက်ဆက်တိုက် တရားမဝင်သစ်တွေ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ ကသာခရိုင် သစ်တော လ/ထ ညွှန်ကြားရေးမှူးဦးဆောင်တဲ့ တရားမဝင်သစ် ဖမ်းဆီးရေးအဖွဲ့ဟာ ခိုပြင်ကျေးရွာနဲ့ ရွှေချောင်းကျေးရွာအနီး သစ်ထုတ်ရေး ကားလမ်းဘေးမှာ တရားမဝင် သစ် ခွဲစက်နဲ့အတူ ကျွန်းသစ် ၃ လုံး သစ်ခွဲသား ၄၃၃ ချောင်း ၅.၀၀၃၈ တန် ဖမ်းမိခဲ့တာပါ။ ဒါ့အပြင် မံလူကျေးရွာအနောက်ဘက် ၂ မိုင်ခန့်အကွာမှာ ကောက်ရိုးတွေနဲ့ ဖုံးအုပ်ထားတဲ့ တမလမ်း ဓါးရွေတုံး ၁၂၁ တုံး သစ်တန် ၁၅.၇ ဖမ်းဆီး ရမိခဲ့သလို ဗန်းမောက်တောင်ပိုင်း ကံတော်ရွာ အနီးမှာ ကျွန်းသစ် ၄၁ လုံး ၂၀.၂၄ တန် စုစုပေါင်း သစ်တန်း ၅၀ နီးပါးခန့် ကာလတန်ဘိုး ငွေကျပ် သိန်း ၁၀၀ ခန့် ဖမ်းမိခဲ့တာဖြစ်ပါတယ်။ တရားမဝင်သစ်တွေ ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူထားပြီး သယ်ယူထိန်းသိမ်းထားနိုင်ဘို့ စီစဉ် ဆောင်ရွက်နေတယ်လို့ ကသာရိုင် သစ်တော ဌာန လ/ထ ညွှန်ကြားရေးမှူး ဦးသောင်းနိုင် က ပြောပါတယ်။ သတင်း - သီဟဆွေ (ကသာ)
5 years Ago
Up