သစ်မရခင်စပ်ကြား ဝါးပေါင်းကွပ်ခြင်း သို့မဟုတ် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းခြင်း

A d v e r t i s e m e n t With Us

April 6, 2016

သစ်မရခင်စပ်ကြား ဝါးပေါင်းကွပ်ခြင်း သို့မဟုတ် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းခြင်း

ရွေးချယ်တင်မြှောက်ခံရသော အန်အယ်လ်ဒီ သမ္မတအသစ်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့် ဝန်ကြီးဌာန ၂၁ ခုစာရင်းတွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနလည်း ပါဝင်လာလေရာ အန်အယ်လ်ဒီအစိုးရအနေဖြင့် တိုင်းရင်းသားများအရေးကို အလေးထားမည်ဖြစ်ကြောင်း လက်တွေ့စတင် ဖော်ပြလိုက်ရာ ရောက်ပေသည်။ ကျနော်တို့ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရသည့် သက်တမ်းနှင့်အညီ ရှည်ကြာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ဖြစ်ပေလိမ့်မည်။ ထိုသို့ဖြစ်နေရခြင်းမှာ တိုင်းရင်းသားအချင်းချင်းအကြား အထူးသဖြင့် လူများစု ဗမာနှင့် လူနည်းစု တိုင်းရင်းသားများအကြား နိုင်ငံရေးအရ တန်းတူအခွင့်အရေး မရရှိမှုကြောင့် တနည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေးစနစ် ပီပီပြင်ပြင် မရှိမှုကြောင့်ဟု ဆိုကြပါသည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း တိုင်းပြည်ကို အုပ်ချုပ်ခဲ့သောအစိုးရ အဆက်ဆက်သည် ဖက်ဒရယ်စနစ် ဆိုသည်မှာ ခွဲထွက်ရေးစနစ်ဖြစ်သည်ဟု ဝါဒဖြန့် မှိုင်းတိုက်ခဲ့ကြပြီး တိုင်းရင်းသားလူနည်းစုတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့ကို မဖွံ့ဖြိုး မတိုးတက်စေရန် ဇွတ်အတင်း ပိတ်ပင်တားမြစ်ခဲ့ကြသည်။ ပြီးခဲ့သည့်ကာလတခုက ရှမ်းပြည်နယ်တွင် ရှမ်းစာပေသင်ကြားခွင့် ရရေးသည် တရုတ်စာသင်ကြားခွင့်ရရေးထက် ပိုမိုခက်ခဲသည့် အနေအထားသို့တိုင် ရောက်ရှိခဲ့သည်။ ရှမ်းနှစ်သစ်ကူးပွဲများကိုလည်း ကျင်းပခွင့် ပိတ်ပင်ခံခဲ့ရသည်။ အုပ်ချုပ်ရေးစနစ်တွင်လည်း တိုင်းရင်းသားများ၏ ရှေးရိုးစဉ်လာ ကိုယ့်လူမျိုး ကိုယ်အုပ်ချုပ်ရသည့် ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကို ဗျူရိုကရက်အရာရှိဆိုး အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးခဲ့ကြသည်။ ပဒေသရာဇ်စနစ်က မကောင်းသည်မှာ မှန်သော်လည်း ကိုယ့်လူမျိုးအချင်းချင်း အုပ်ချုပ်သည့်စနစ်ဖြစ်၍ ဗျူရိုကရက်အရာရှိဆိုး- တခြားလူမျိုးက အုပ်ချုပ်သည့် စနစ်ထက်တော့ ကောင်းသေးသည်။ သို့ဖြစ်လေရာ ပဒေသရာဇ် စနစ်အောက်မှ လွတ်မြောက်လာသည် မှန်သော်လည်း ဆိုရှယ်လစ်စီးပွားရေးစနစ်မှားနှင့် အရာရှိဆိုး အုပ်ချုပ်သည့် စနစ်အောက်တွင် တိုင်းရင်းသား ပြည်သူလူထု၏ နိုင်ငံရေး၊ စီးပွားရေးတို့မှာ ကမ္ဘာတွင် နောက်အကျဆုံး ဖြစ်ခဲ့ရသည်။ မိမိတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့မှာလည်း မပျောက်မပျက်ရအောင် ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ရသည့် အနေအထား ဖြစ်ခဲ့သည်။ ဤသို့သော အနေအထားတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရာ အခြေခံဥပဒေ၏ ပုံသဏ္ဌာန်မှာ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပုံသဏ္ဌာန်ဖြစ်သော်လည်း အနှစ်သာရအားဖြင့် ဗဟိုချုပ်ကိုင်မှုလွန်ကဲသည့် တပြည်ထောင်စနစ်ပင် ဖြစ်ပါသည်။ သိသာထင်ရှားသည့် ပြဋ္ဌာန်းချက်မှာ ပြည်နယ်/တိုင်းဒေသကြီး အသီးသီး၏ လွှတ်တော်များက မိမိတို့သက်ဆိုင်ရာ ဝန်ကြီးချုပ်များကို ရွေးချယ်ခန့်အပ်ခွင့်မရှိသည့် အခြေခံဥပဒေ ပုဒ်မ ၂၆၁ ဖြစ်ပါသည်။ ထိုပုဒ်မကဲ့သို့ပင် ပုဒ်မ ၂၈၈ ကိုလည်း ပြင်ဆင်မှသာ ဒီမိုကရေစီနည်းကျ ကိုယ့်လူမျိုး ကိုယ်အုပ်ချုပ်သည့်စနစ်သို့ ရောက်ပေလိမ့်မည်။ ပုဒ်မ ၂၈၈ အရ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများမှာ နိုင်ငံ့ဝန်ထမ်းများ ဖြစ်လေရာ သက်ဆိုင်ရာ ပြည်သူလူထုကို မျက်နှာမမူဘဲ ဗျူရိုကရက် အရာရှိအဆင့်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနကိုသာ မျက်နှာမူနေကြသည်။ ပြည်သူလူထုမှာ မြို့နယ်အဆင့်မှ မိမိတို့ကို အုပ်ချုပ်မည့်သူကို ရွေးချယ်ခွင့်လည်းမရ၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်လည်းမရှိ ဖြစ်နေလေရာ အပြန်အလှန်ထိန်းကျောင်းမှု ပျောက်နေသဖြင့် အရာရှိဆိုးအုပ်ချုပ်ရေးစနစ် ကောင်းမွန်လာရန်မှာ ခွေးမြီးကောက် ကျည်တောက်စွပ်သလို ခဏတဖြုတ်သာရမည်။ အပြန်အလှန် ထိန်းကျောင်းမှု မရှိသ၍ တာရှည်ခံမည်မဟုတ်ပေ။ တိုင်းရင်းသားများအတွက်ဆိုပါမူ ကိုယ့်လူမျိုးကိုယ် အုပ်ချုပ်ခွင့် မရသလို ဖြစ်နေသဖြင့် ပိုခံစားကြရသည်။ အကယ်၍ ပုဒ်မ ၂၈၈ ကို ပြင်ဆင်ပြီး မြို့ဝန် သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခွင့်ရရှိရန် ဥပဒေပြဋ္ဌာန်းလိုက်ပါက ယခုထက်ပိုမို၍ ဒီမိုကရေစီကျလာမည့်အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်း ပိုမိုတိုးတက်လာပေလိမ့်မည်။ ထိုသို့ မြင်လွယ်သိလွယ်သော ပုဒ်မ ၂၆၁၊ ပုဒ်မ ၂၈၈ တို့ကဲ့သို့ပင် အခြားသော ပုဒ်မအချို့ကို ပြင်ဆင်နိုင်ပါမှ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတခု တည်ဆောက်နိုင်မည်ဟု တိုင်းရင်းသား နိုင်ငံရေးပါတီများက ယုံကြည်နေကြသော်လည်း ထိုပုဒ်မများကို ပြင်ဆင်ရန်မှာ တပ်မတော်က သဘောတူညီမှ အောင်မြင်နိုင်မည်ဖြစ်၍ မလွယ်လှပေ။ ထိုသို့သော အခြေအနေအောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂ တွင် ပေးထားသည့် ရပိုင်ခွင့်ဖြစ်သည့် တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ ဖွံ့ဖြိုးမှုနည်းပါးသည့် တိုင်းရင်းသားတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ယူဆပါသည်။ အရပ်စကားနှင့်ပြောရလျှင် “သစ်မရခင်စပ်ကြား ဝါးပေါင်းကွပ်” ဆိုသည့်နှယ် ဖြစ်ပေလိမ့်မည်။ ဖက်ဒရယ်စနစ် ပီပီပြင်ပြင် မသွားနိုင်သေးမီ အခြေခံဥပဒေကို မပြင်ဆင်နို်င်သေးမီ နိမ့်ကျနေသည့် တိုင်းရင်းသားအခွင့်အရေးများ ကောင်းမွန်စွာ ရရှိခံစားနိုင်စေရေးအတွက် အာရုံစိုက် လုပ်ဆောင်နိုင်စေရန် ဤဝန်ကြီးဌာနက တာဝန်ယူရပေလိမ့်မည်။ လာမည့်ငါးနှစ်တာကာလအတွင်း ဤဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားအရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်၊ မဆောင်ရွက်နိုင်ဆိုသည်မှာ မသေချာသော်လည်း ဦးထင်ကျော်အစိုးရ အနေဖြင့် တိုင်းရင်းသားအရေးကိစ္စကို ဦးသိန်းစိန်အစိုးရထက် ပိုမိုအာရုံစိုက်ကြောင်းကိုတော့ ဤအချက်ဖြင့် သက်သေပြလိုက်နိုင်သည်မှာကား သေချာလှပေသည်။ ရဲထွန်း (သီပေါ)
5 years Ago
Up