သစ်ကုလားအုပ်မကြီးက ကလေးဘယ်လိုမွေးသလဲ

April 7, 2017

သစ်ကုလားအုပ်မကြီးက ကလေးဘယ်လိုမွေးသလဲ (ရုပ်သံ)

သစ်ကုလားအုပ်တွေ ဘယ်လိုကလေးမွေးကြပါသလဲ။ ဒါဟာ သဘာဝဖြစ်စဉ်တခုဆိုပေမယ့် မျက်မြင်တွေ့ရှိဖို့ ဆိုတာကတော့ တကယ့်ကို ကြုံတောင့်ကြုံခဲ ဖြစ်နေပါလိမ့်မယ်။ စတေစီ ဟဲလ်မ်းစ်ကတော့ ဒါကို မျက်မြင်တွေ့ရှိခဲ့သူတွေထဲက တဦးအပါအဝင် ဖြစ်နေခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က တင်နက်ဆီ တိရစ္ဆာန်ဥယျာဉ်တွင်းမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ စတေစီ ဟဲလ်မ်းစ်ဟာ အဲဒီနေ့က တိရစ္ဆာန်ဥယျာဉ်ကို မြေးဖြစ်သူနဲ့အတူ အလည်သွားချိန်မှာ ခုလိုတွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ သစ်ကုလားအုပ်မကြီးဟာ လမ်းလျှောက်သွားလာနေခဲ့ပြီးနောက် အချိန်အနည်းငယ်အကြာမှာတော့ သစ်ကုလားအုပ်ကလေးကို မတ်တပ်ရပ်လျက်သား အခြေအနေနဲ့ မွေးဖွားခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သစ်ကုလားအုပ်ပေါက်စလေးဟာ ဦးခေါင်းကနေ စတင်ထွက်လာခဲ့ပြီးနောက်မှာ မြေပြင်ဆီကို ပြုတ်ကျသွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့နိုင်ပါတယ်။ စတေစီ ဟဲလ်မ်းစ်ဟာ ဒီအဖြစ်အပျက်ကို ရုပ်သံဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ခဲ့ပြီးနောက်မှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ပြန်လည်မျှဝေခဲ့တာပါ။ လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုကြသူတွေ ထောင်သောင်းချီရှိနေခဲ့ကြပြီး ရေပန်းစားနေခဲ့တာပါ။
4 years Ago
Up