သင်္ချိုင်းကုန်း

A d v e r t i s e m e n t With Us

April 8, 2020

ဖူးကက်တွင်ပိတ်မိနေသည့် ရုရှားနိုင်ငံသား ၃ ဦး သင်္ချိုင်းကုန်းတွင် သွားအိပ်ရ 

ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်ထဲမှာ COVID-19 ကာကွယ်တားဆီးရေးအတွက် ခရိုင်ဝန်က ဝင်ထွက်သွားလာမှုတွေ ကန့်သတ်လိုက်တာကြောင့် နိုင်ငံခြားသားနဲ့ ခရီးသွားပြည်သူအချို့ ပိတ်မိနေပါတယ်။  အဲဒီထဲက ရုရှားနိုင်ငံသား ၃ ဦးလည်း အပါအဝင်ဖြစ်ပြီး သူတို့ဟာ ပါလာတဲ့ အသုံးစရိတ်တွေလည်း ပြတ်သွားတာကြောင့် ဖူးကက်ခရိုင် ထလန်မြို့ မိုက်ခေါင်အုပ်စု သင်္ချိုင်းကုန်းမှာ သွားအိပ်ရတယ်လို့ ဧပြီ ၅ ရက်နေ့ထုတ် ထိုင်းရတ်တီဗွီသတင်းမှာ ဖော်ပြပါတယ်။  ဒီမတိုင်ခင်က မိုက်ခေါင်သင်္ချိုင်းကုန်းမှာ ညညဆို သရဲတွေ ထွက်လာတယ်ဆိုပြီး အရပ်ထဲမှာ ပြောဆိုနေကြတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့ကြပါတယ်။  သူတို့ ရောက်သွားချိန်မှာတော့ သရဲကို မတွေ့ရဘဲ အလောင်းသင်္ဂြိုဟ်တဲ့ မီးစက်နားက ဇရပ်ထဲမှာ မိုးကာတဲနဲ့အိပ်နေတဲ့ နိုင်ငံခြားသား ၃ ယောက်ကို တွေ့ခဲ့တာပါ။  သူတို့အနီးမှာ ခေါက်ဆွဲခြောက်ထုပ်၊ ပေါင်မုန့်နဲ့ ငါးသေတ္တာဘူး၊ ပစ်ကနစ် ဂက်စ်မီးဖို ၁ လုံး နဲ့ ထွန်းပြီးသား ဖယောင်းတိုင်တွေ တွေ့ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။  အဆိုပါ နိုင်ငံခြားသား ၃ ယောက်မှာ အသက် ၂၈ နှစ်နဲ့ ၃၀ နှစ်ရွယ် အမျိုးသား ၁ ဦး၊ အသက် ၂၃ နှစ်ရွယ် အမျိုးသမီးတို့ဖြစ်ပြီး ရုရှားနိုင်ငံသားတွေဖြစ်ကြောင်း၊ လတ်တလော COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုတွေကြောင့် ရုရှားနိုင်ငံကို သွားမယ့်လေယာဉ်မရှိတဲ့အပြင် ပါလာတဲ့ လမ်းစရိတ်လည်း ပြတ်သွားတာကြောင့် တည်းခိုခန်းခ မရှိတော့လို့ သင်္ချိုင်းကုန်းမှာ လာအိပ်ရတာလို့ ဆိုပါတယ်။  ကျေးရွာအုပ်ချုပ်ရေးမှူးက ရုရှားနိုင်ငံသံရုံးကို ဆက်သွယ်ပေးမယ်လို့ ပြောခဲ့ကြောင်း၊ အဲဒီနောက် ကျန်းမာရေးဝန်ထမ်းခေါ်ပြီး COVID-19 စစ်ဆေးပေးကာ နှာခေါင်းစည်းတွေလည်း ဝေငှပေးခဲ့ပါတယ်။ သူတို့ ၃ ဦးစလုံးဟာ COVID-19 ကူးစက်ခံရတာ မရှိပေမယ့် အဲဒီဆိုပါသင်္ချိုင်းမှာပဲ ဆက်နေဖို့ အဆင်ပြေတယ်လို့ ပြောပါတယ်။  သူတို့တွေမှာ သရဲသဘက် မဟုတ်ကြောင်း ရွာသားတွေ သိတော့ နောက်နေ့မနက်မှာ ထမင်းထုပ်တွေ၊ စားစရာတွေ သွားပို့ပေးခဲ့ကြပါတယ်။  သူတို့ ၃ ယောက်က ထိုင်းရွာသားတွေရဲ့ စေတနာကို အလွန်လေးစားသွားပြီး ထိုင်းလူမျိုးတွေဟာ ချစ်စရာကောင်းကြောင်း၊ COVID-19 အလွန် ရုရှားကို ပြန်ပြီးရင် ထိုင်းနိုင်ငံကို နောက်တခေါက် အလည်လာဦးမယ်လို့ ပြောသွားပါတယ်။  ထိုင်းနိုင်ငံမှာ ၂၀၂၀ ဧပြီလ ၇ ရက်နေ့ထိ COVID-19 ရောဂါပိုး ကူးစက်ခံရသူပေါင်း ၂၂၅၈ ဦး ရှိသွားပြီဖြစ်ပြီး ဖူးကက်ခရိုင်မှာ ၁၃၈ ဦးရှိကာ တနိုင်ငံလုံးမှာ ဘန်ကောက်ပြီးရင် ဒုတိယကူးစက်မှု အများဆုံးခရိုင် ဖြစ်ပါတယ်။  ကိုးကား-Khaophuket
11 months Ago
Up