သင်္ကြန်သဝဏ်လွှာ

April 8, 2021

မြန်မာပြည်သူတို့၏ ရဲရင့်မှုအတွက်ချီးကျူးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သင်္ကြန်သဝဏ်လွှာပို့

 မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုအတွက်ချီးကျူးတဲ့အကြောင်းနဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် အခိုင်အမာထောက်ခံအားပေးနေမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောပါတယ်။ 

၂၀၂၁ ခုနှစ်၊ မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယအထိမ်းအမှတ်  ဒီကနေ့ ဧပြီ ၈ နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်သဝဏ်လွှာမှာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က အမေရိကန်ပြည်ထောင်စုကိုယ်စား  ပြောထားတာပါ။

“သင်္ကြန်ဆိုသည်မှာ အဟောင်းတို့ကို ဆေးကြော၍ အသစ်တို့တဖန် ပြန်လည်စတင်မွေးဖွားသော အခါသမယဖြစ်သည်။ မြန်မာပြည်သူများအတွက် အဓွန့်ရှည်တည်တံ့သော ကောင်းခြင်းမင်္ဂလာများနှင့် ငြိမ်းချမ်းမှုများ နှစ်သစ်တွင်ဆောင်ကြဉ်းပေးလာပါစေကြောင်း၊ ယခုကဲ့သို့ အခက်အခဲကာလတွင် အမေရိကန်ပြည်ထောင်စုက ရိုးသားစွာမျှော်လင့်ပါသည်။ စစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ မြန်မာပြည်သူတို့ တစိုက်မတ်မတ် ပြသလာနေခဲ့သော ရဲရင့်မှုတို့အတွက် မိမိတို့ချီးကျူးပါသည်။”လို့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေဟာ  စစ်အာဏာရှင်ရဲ့ ထိတ်လန့်ကြောက်ရွံ့ဖွယ်အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတို့ကို ရင်ဆိုင်ပြီး သူတို့ရဲ့အသံကို ကမ္ဘာကကြားသိအောင်ဖော်ပြခဲ့ကြတယ်။ ဒီအခက်အခဲအကြပ်အတည်းကို ကျော်ဖြတ်နိုင်ရေး၊ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းမှုအောင်မြင်ရေးတို့အတွက် ဆောင်ရွက်နေကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက် အခိုင်အမာထောက်ခံအားပေးနေမယ်လို့ လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Photo Credit- GOV

1 month Ago
Up