သင်္ကြန်

A d v e r t i s e m e n t With Us

April 10, 2020

အေးစေကြောင်းသွန်းမည့် အတာမေတ္တာရေ

  ဥဩသံကိုဗဟိုပြုလို့ နွေဦးကံ့ကော်တို့ ဖူးပွင့်ချိန်လည်းလွန်မြောက်ခဲ့ပြီ။ နွေလသံပေါက် ယဉ်ချိန်ရောက်သည်နှင့် ပိတောက်ဦးတို့ ဖူးတော့မည်။ ပွင့်ပေအုံးတော့မည်။ ပန်းပိတောက်ပွင့်တိုနှင့်အတူ“ မြူမှောင်ဝေကင်း… ငွေ ဆင်း စန္ဒ…ပြည်ထောင်…တိုင်းမြန်ပြည် ငြိမ်းချမ်းအောင်ဆု…သွန်းခါရေ..အေးစေကြောင်းလောင်းတဲ့လုံမေ”တို့ အတာသဘင်ဆင်နွှဲရန် ပြင်ဆင်ကြပေလိမ့်မည်။ ဤကား နှစ်စဉ်မပျက် မြန်မာတို့၏ အတာသဘင်….။ 

ယခုမူကား… အချို့လုံမပျို၊ လုလင်ပျိုတို့ကား အိမ်တွင်းပုန်၍ အချို့ကမူ ပရဟိတကူညီမှုဆီသို့ ကုသိုလ်ယူနေကြပေလိမ့်မည်။ ကိုဗစ်လူနာတို့ “မုံ့လုံးရေပေါ်သလို”နလန်ထပြီး အလံထူ ‘တုံးကျော်’ နိုင်အောင် ကူညီမစ ကုသိုလ်တော်ယူ ကြပေလိမ့်မည်။ သာဓုအနုမောဒနာခေါ်စရာ ‘မင်္ဂလာ’ တပါးပင်။ အမျိုးကို စောင့်ရှောက်ခြင်းဆိုသည်မှာ ဤသည်ပင် ဖြစ်မည်ထင်သည်။

လူကိုသေစေသော စစ်ပွဲများထက် သတ္တဝါတို့အသက်ကို ကယ်ဆယ်ခြင်းက သာလွန်၍ မွန်မြတ်မြဲပင်။ စစ်ဘုရင်နပိုလီယံထက် နိုက်တင်ဂေးလ်၏ လုပ်ဆောင်ချက်က ပိုမြတ်သည်ကို လူယဉ်ကျေးတို့ နားလည်သိရှိ ပြီးဖြစ်သည်သာ။ စေတနာဆိုးတို့၏ ပြဋ္ဌာန်းမှုကြောင့် ထွက်ပေါ်လာသော ဘေးထွက်ဆိုးကျိုးထက် စေတနာကောင်းတို့၏ ပြဋ္ဌာန်းမှုဖြင့်ထွက်ပေါ်လာသော ဖေးကူမစ ကြင်နာခြင်းတို့က အနှိုင်းမဲ့ပင်။

ကယ်တင်သူသည် “ကရုဏာ-မောတ္တာ၏ အခွင့်အာဏာပိုင်စိုးသူ။ လောကကို တည်ဆောက်သူ။” ပမာဆောင်ရလျှင် ရှေးအခါက ဒေဝဒတ္ထ၏ မြားချက်သင့်ပြီးကျရောက်လာသည့် ဟင်္သာငှက်တကောင်ကို သိဒ္ဓတ္ထမင်းသားက ပြုစုကုသကယ်တင်ခဲ့သည်။ ဤတွင် ‘ဒေဝဒတ္ထမင်းသား’က သူပစ်တဲ့ မြားချက်ထိမှန်ထားသမို့ ငှက်ငယ်ကို သူပိုင်ကြောင်း အငြင်းပွားကြသတဲ့။ ပညာရှိတွေဆီအငြင်းပွားမှုဖြေရှင်းကြတော့၊ ပညာရှိတွေက…“အသက်ဟာတစုံ တခုဖြစ်ရင် အသက်ကယ်သူဟာ သတ်ဖို့အားထုတ်သူထက် သက်ရှိသတ္တဝါကို ပိုပိုင်ထိုက်တယ်။ သတ်သူဟာ လောကကိုဖျက်တာ၊ ဖြုန်းတာ။ ကယ်သူက လောကကို ထိန်းတာ၊ ငှက်ကို သူ့အားပေးပါလေ။” ဟု ဆုံးဖြတ်လိုက်သတဲ့။

  ဤပမာစကားအရ ရိုင်းစိုင်းရက်စက်သည့် ဘဝတူခြင်းသတ်ဖြတ်ပွဲတွေ၊  ကိုယ့်ညီနောင်သားအချင်းချင်း သတ်ဖြတ်ပွဲများဆင်နွှဲသူထက် ကယ်တင်သူ၊ စောင့်ရှောက်သူကသာ ပြည်သူကို ပိုပိုင်ထိုက်သည်။ ပြည်သူ့နှလုံးကို ပိုမိုပိုက်ထွေးနိုင်ခွင့်ရရှိခြင်းပင်ဖြစ်သည်။ စစ်ကြောင့် သတ္တန္တရကပ်ကျရောက်နေသည့့် ပြည်တွင်းစစ်ရပ်ဝန်းမှ ပြည်သူတို့အတွက်လည်း လုံမပျိုတို့ လုလင်ပျိုတို့ကူညီလှုပ်ရှား၍ ပရဟိတအကျိုး သယ်ပိုးခဲ့ကြဖူးသည်။ အရိုင်းကောင်တို့ကြောင့် အကြောက်တရားဖြစ်နေသူ ၊ ဒုက္ခရောက်နေသူများကို  ကြင်နာယုယထွေးပွေ့ပေးခဲ့ကြဖူးသည်။

   ထိုသူတို့ မပျော်နိုင်ချိန်တွင် ပြည်သူတရပ်လုံးလည်း စိတ်ဆင်းရဲခဲ့ကြသည်ပင်။ စိတ်ဆင်းရဲခြင်းတို့ကို ခဝါချ၍ နှစ်ကူးတွင် အတိုးချမေ့ပျောက်ထားလိုက်အုံးမည်ဟု အားခဲထားသူတို့လည်း ယနေ့ကာလတွင် ထင်သလိုမဖြစ်ရန် ကိုဗစ် ၁၉ က ဝင်ရောက်လာပြန်သည်။ 

ဤတွင် အတာရေဖြင့်ပက်ဖျန်း၍ အေးစေခွင့်မကြုံရသော်လည်း “မေတ္တာရေ” ဖြင့် ငြိမ်းချမ်းနှစ်သိမ့်စေခြင်းကလည်း ‘တန်ခူးမေတ္တာ ’အဖြစ်မှတ်ယူရပေတော့မည်။ အတာသင်္ကြန် ရေ ပက်ကစားခြင်းသည် နှစ်စဉ်မပျက် မြန်မာတို့၏ ရိုးရာပွဲဖြစ်ခဲ့သည်။ တနှစ်တာအညစ်အကြေး တို့ဆေးကြောခြင်းအဖြစ် မှတ်ယူကြသော်လည်း တကယ်တမ်း စိတ် အညစ်ကြေးကို ဆေးကြောသူတို့ နည်းပါးပါလိမ့်မည်။

  ယခုမူ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တားဆီး၍ စိတ်အညစ်အကြေးတို့ဆေးကြောရန် အချိန်သင့်အခါသင့်ပင်။ ဤသည်ပင် ရာစုနှစ်တခုအတွင်း ကြုံတောင့်ကြုံခဲသော သမိုင်းမှတ်တိုင်တခုဟုသာ ဆိုရမည်ထင်ပါသည်။ မိမိတို့၏ အပျော်ရေသဘင်ပွဲတော်ကြီးအား ကျောခိုင်း၍ ပြည်သူလူထုအကျိုး မိမိတို့အကျိုးအတွက် အိမ်တွင်းမှာ နေ၍ကူညီခြင်း၊ ပရဟိတလုပ်၍ ကူညီခြင်းတို့ဖြင့် ယခုနှစ်အတာသင်္ကြန်ကို ဖြတ်သန်းရပေအုံးတော့မည်။ 

ဤသည်ပင် နိုင်ငံသူနိုင်ငံသာအပေါင်း ကပ်ရောဂါဆိုးကြီးမှ လွတ်မြောက်ကြပါစေကြောင်း မေတ္တာရေလောင်းပေးခြင်းမည်ပေသည်ဟု ခံယူအပ်ပေသည်။ ဤမေတ္တာရေလောင်းခြင်းကား ပို၍အေးမြလှပါ၏။ ကူညီသူ လုံမပျိုနှင့်လုလင်ပျို အပေါင်းအားလည်း ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

 

  “သည်နှစ်သင်္ကြန်…ဟိုနှစ်သင်္ကြန်”တို့ကို လွမ်းနေသော အတာချစ်သူတို့အတွက်လည်း ...... “နောင်နှစ်အတာသင်္ကြန်…စောင့်ကြိုနေမည်”သာ ဟူ၍ပင်…။

11 months Ago

April 7, 2020

အခြေခံလူတန်းစားများကို အခြေခံစားကုန်ပစ္စည်း ၅ မျိုး အခမဲ့ ထောက်ပံ့မည်

COVID-19 ရောဂါနဲ့ကြုံနေရတဲ့ အရေးကြီးကာလ သင်္ကြန်ရုံးပိတ်ရက်အတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ကြက်သွန် ပစ္စည်း ၅ မျိုး အခမဲ့ ထောက်ပံ့ပေးမယ်လို့ မြန်မာနိုင်ငံ  COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီ ၆ ရက်မှာ ကြေညာပါတယ်။ အခြေခံလူတန်းစားတွေအတွက် အိမ်ထောင်စုတစုကို ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊  ကြက်သွန် ၁ ပိဿာ၊ စုစုပေါင်း ၅ မျိုးစီကို ဧပြီ ၁၀ ရက်မှ စတင် အခမဲ့ ဖြန့်ဖြူး ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ ကူညီထောက်ပံ့ရာမှာ မလိုလားအပ်တဲ့ လေလွင့်မှု၊ ကြန့်ကြာမှုနဲ့ အဂတိလိုက်စားမှုတွေ မဖြစ်စေဖို့ တိုင်းနဲ့ပြည်နယ် အစိုးရတွေရဲ့ ကြီးကြပ်မှုနဲ့ စာရင်းကောက်ယူ၊ ထုပ်ပိုး၊ ပို့ဆောင်၊ ဖြန့်ဖြူးတဲ့လုပ်ငန်းတွေကို ဌာနဆိုင်ရာတွေ၊ ရပ်မိရပ်ဖတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ပရဟိတလူငယ်တွေနဲ့ ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေအတွက် အိမ်သုံးလျှပ်စစ်မီးသုံးစွဲမှု ယူနစ် ၁၅၀ အထိကို ဧပြီလကုန်အထိ အခဲ့ပေးသွားမှာဖြစ်ပြီး သံရုံးတွေ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေတော့ မပါဝင်ဘူးလို့ ဆိုပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ နိုင်ငံအနှံ့အပြားက ပြည်သူတွေရဲ့ တင်ပြချက်တွေကို စိစစ်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေကို သုံးသပ်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ COVID-19 ကူးစက်မှု ကာကွယ်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူတွေကို  ဧပြီလထဲမှာ Mask ၆ ဒသမ ၃ သန်း ဖြန့်ဖြူးပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားပါတယ်။ ဒါ့အပြင် ရောဂါထိန်းချုပ်မှုကာလအတွင်း လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေးအတွက်လည်း နိုင်ငံ့ဘဏ္ဍာ၊ COVID ဗဟိုကော်မတီရန်ပုံငွေတို့နဲ့ အကောင်းဆုံး စီမံကိန်းတခု အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။ ပြည်သူတွေ တောင်းဆိုနေတဲ့ အင်တာနက် သုံးစွဲမှုနှုန်းထားခတွေ လျှော့ချဖို့ကိုတော့ တယ်လီဖုန်း အော်ပရေတာတွေက လျှော့ချထားပြီး ဖြစ်တယ်လို့ ဧပြီ ၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကနေ ပြန်ဖြေထားပါတယ်။
11 months Ago
More News
Up