သင်တောကျေးရွ

August 24, 2021

သင်တောကျေးရွာကို စစ်တပ်နှင့်ပျူစောထီး ဝင်ရောက်ဖျက်ဆီး၊ ရွှေငွေနှင့်ထွန်စက် ၂ စီးယူဆောင်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် သင်တောကျေးရွာကို ဩဂုတ် ၂၃ ရက်နေ့ မနက် ၁၁ နာရီလောက်က စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေ ဝင်ရောက်ပြီး နေအိမ်​တွေကို ဖျက်ဆီးသွားပြီး အိမ်တွင်းပစ္စည်း​တွေ၊ ​​​ရွှေ၊ ငွေ​နဲ့ လယ်ထွန်စက်နှစ်စီးပါ ယူ​ဆောင်သွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သင်တောကျေးရွာနေ အမျိုးသမီးတစ်ဦးက “စစ်တပ်နဲ့ ပျူစောထီး ၁၀၀ လောက်လာတယ်။ ကျမတို့တတွေလည်း ရုတ်တရက်ဆိုတော့ လူလုံးနဲ့ပဲ ထွက်ပြေးကြရတာပေါ့။ သူတို့ပြန်ထွက်သွားပြီး​တော့မှ ကျမတို့ပြည်သူ​တွေက မိမိတို့ရဲ့ ​နေအိမ်​တွေကို ပြန်လည်ဝင်​ရောက်လာခဲ့ရတာ။ စစ်​ကောင်စီတပ်က အိမ်​တွေပါ ဖျက်ဆီးသွားသလို အိမ်တွင်းပစ္စည်း​တွေကိုလည်း ဖျက်ဆီး​မွှေ​နှောက်တာ​တွေ ပြုလုပ်သွားတာ။ ​ကျမတိုရွာက ရွှေ၊ ငွေနဲ့ ဖုန်းတွေပါ ယူသွားကြတယ်။ နောက်ပြီး ကျမတို့ သိန်း ၃၆၀ တန် ၅၂၅ လယ်ထွန်စက်နှစ်စီးပါ ယူသွားကြတာ။ အဲဒီယူသွားတဲ့ ထွန်စက်နဲ့ ကျနော်တို့ စိုက်ပျိုးထားတဲ့ သီးနှံအပင်တွေကို ဖျက်ဆီးသွားကြပါတယ်” လို့ ပြောပါတယ်။

သင်တောကျေးရွာက အိမ်ခြေ ၃၀၀ ကျော်နဲ့ လူဦးရေ ၁၄၀၀ ကျော်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး မုံရွာ၊ မင်းကင်း ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်တွေ ဆိုက်ရောက်တဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

သင်တောကျေးရွာဟာ ပျူစောထီး နဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်တာ သုံးကြိမ်ရှိသွားပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

3 months Ago
Up