သင်ကြားပေးရန် စီစဉ်

April 13, 2017

ဘောလုံးအကယ်ဒမီကျောင်းများတွင် ပညာရေးနှင့် အတွေးအခေါ်ပိုင်း သင်ကြားပေးရန် စီစဉ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဘောလုံးအကယ်ဒမီကျောင်းတွေမှာ ပညာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ပိုင်းတွေကို စနစ်တကျ သင်ကြားပေးဖို့ စီစဉ်ထားပါတယ်။ ဘောလုံးအကယ်ဒမီကျောင်းတွေက ကစားသမားတွေအနေနဲ့ ဥပဒေအတိုင်း စနစ်တကျ ကစားနိုင်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ တိုးတက်လာဖို့အတွက် ပညာရေးပိုင်းကို စနစ်တကျ သင်ကြားပေးဖို့ စီစဉ်ထားတာပါ။ ဒီအစီအစဉ်ကို ဒီနှစ်အတွင်းမှာ စတင်ပြုလုပ်မှာဖြစ်ပြီး ဘောလုံးပညာပိုင်းကိုလည်း ဂျပန်ဘောလုံးအဖွဲ့ချုပ်က နည်းပြတွေနဲ့ လေ့ကျင့်သင်ကြားပေးမယ်လို့ သိရပါတယ်။ “ဒီကလေးတွေရဲ့ အားကစားတခုတည်း မဟုတ်ဘူး၊ ပညာရေးရောပေါ့။ ပညာရေးလည်း သူတို့ကိုယ်သူတို့ ဒါ့ထက်ပိုကောင်းအောင် လုပ်ဖို့လိုတယ်။ အဲဒီမှာ ကျနော်တို့က ကလေးတွေ ကျောင်းတက်နိုင်ဖို့အတွက် စီမံခန့်ခွဲပေးမယ်။ အဓိကက နိုင်ငံတကာ အားကစား ကစားလာတဲ့အခါမှာ ကလေးတွေရဲ့ အသိဉာဏ်၊ အတွေးအခေါ်၊ အယူအဆ၊ နောက်တခုက ဘာသာစကားပေါ့။ အားလုံး အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကလေးတွေကို ကျနော်တို့ ဘာသာစကားလည်း သင်ပေးမယ်။ နောက်ပြီးတော့ လူ့ကျင့်ဝတ်ပေါ့။ ကျင့်ဝတ်တွေကိုလည်း ပိုပြီးသိအောင် လုပ်ပေးမယ်။ ကလေးတွေကို သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပိုပြီးတော့ ဘဝကို ကြံ့ကြံ့ခံနိုင်အောင် ကျနော်တို့ လုပ်ပေးမယ်။ အဲဒီလိုမျိုး ဖြစ်လာတယ်ဆိုရင်တော့ အားကစား ကစားတဲ့အခါမှာ ဒီဥပဒေရဲ့အောက်မှာ စနစ်တကျ ကစားတတ်တဲ့ကလေးတွေ ဖြစ်လာမယ်။ အသိဉာဏ်လည်း ရှိလာမယ်။ ပရော်ဖက်ရှင်နယ် ပလေယာတယောက် ဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုး ဘဝကို ရှင်သန်ပြီးတော့မှ နိုင်ငံတကာကလက်ခံတဲ့ ကစားသမားဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အယူအဆမျိုးတွေ ထည့်ပေးလို့ရမယ်။ တဘက်နဲ့တဘက် အားနည်းတဲ့သူ၊ အားသာတဲ့သူ ပေါင်းစပ်ကစားတဲ့ ပုံစံမျိုးပေါ့နော်။ အဲဒီလို ပူးပေါင်းဆောင်ရွက်ချင်တဲ့စိတ်တွေ သူတို့ ရှိလာမယ်။ အဲဒါကို ကျနော်တို့ စနစ်တကျ ဒီအကယ်ဒမီမှာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော ပြုပြင်ပြောင်းလဲမှုပေါ့၊ ပြုစုပျိုးထောင်မှု လုပ်ပေးမယ်ဆိုရင် အနာဂတ်မှာ ဒီကလေးတွေက တကယ်ကို အာမခံချက်ရှိလာမှာ ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။ ပဏာမ ကစားသမားရွေးချယ်မှုတွေကို ပြီးခဲ့တဲ့ မတ်လဆန်းကနေ ဧပြီ ၉ ရက်အထိ နိုင်ငံအနှံ့က မြို့ကြီး ၅၅ မြို့မှာ ပြုလုပ်ခဲ့ပြီး ကစားသမား ၁၅၀၀ လောက် လာရောက်ရွေးချယ်ခံခဲ့ကြတာပါ။ “သားနာမည်ကတော့ ဝိုင်းဝိုင်းချစ်ပါ။ အသက်ကတော့ ၁၂ နှစ်ရှိပါပြီ။ အကယ်ဒမီက မြန်မာ့လက်ရွေးစင်ဟာ နိုင်ငံအတွက်ဖြစ်ဖို့ လာရောက်အရွေးခံတာပါ။ လက်ရွေးစင်မှာတော့ အောင်အောင်ဦးကို အားကျတယ်။ အောင်အောင်ဦးက ကစားတာကောင်းလို့။ သူ့လိုမျိုးဖြစ်အောင် အကောင်းဆုံး ကြိုးစားပါမယ်” လို့ လာရောက်ရွေးချယ်ခံသူ ဝိုင်းဝိုင်းချစ်က ပြောပါတယ်။ အကယ်ဒမီက ကစားသမားတွေအတွက် ပြိုင်ပွဲတွေ ပြုလုပ်ပေးမယ်ဆိုရင် မြန်မာဘောလုံးရဲ့ အနာဂတ်ဟာလည်း မြင့်တက်လာနိုင်တယ်လို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆိုပါတယ်။ “လေ့ကျင့်ရုံတခုတည်းနဲ့ မရဘူး။ အကယ်ဒမီတခုတည်းနဲ့ မရဘူး။ ပြိုင်ပွဲတွေ ကျင်းပပေးဖို့လည်း လိုတယ်။ ကျနော်တို့က မဖြစ်မနေ သက်တမ်းအလိုက်ပြိုင်ပွဲတွေ ကျင်းပပေးဖို့ လိုတယ်။ ပြည်တွင်းတင်မဟုတ်ဘူး။ ပြည်ပပြိုင်ပွဲတွေရောပေါ့။ အခုဆို အာရှမှာ ၁၃၊ ၁၄ တွေ ပြိုင်ပွဲရှိတယ်။ ၁၅ နှစ်အောက် အာဆီယံ၊ ၁၆ နှစ်အောက် အာရှပွဲ ရှိတယ်။ ၁၇ နှစ်အောက် ကမ္ဘာ့ဖလား ရှိတယ်ပေါ့နော်။ အဲဒီလို သက်တမ်းအလိုက် ပြိုင်ပွဲတွေကို ကျနော်တို့ တောက်လျှောက်လုပ်ပေးနိုင်မယ်ဆိုရင်၊ ပြည်တွင်းမှာရှိတဲ့ လိဂ်တွေကိုလည်း သက်တမ်းအလိုက် လုပ်နိုင်မယ်ဆိုရင် ကျနော်တို့ အများကြီး တက်လာမှာပါ။” ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်ဘောလုံးအကယ်ဒမီတွေမှာ တက်ရောက်သင်ကြားခွင့်ရမယ့် ကစားသမား ၈၅ ဦးစာရင်းကို လာမယ့် မေလအတွင်းမှာ အပြီးသတ် ရွေးချယ်မှာ ဖြစ်ပါတယ်။
4 years Ago
Up