သင်းသင်းသော်

March 16, 2017

သမိုင်းကပေးတဲ့ အတွေး

  ဒီတစ်ခေါက် ရွှေစာရံဘုရားပွဲတော်ကို ရောက်တော့ ဒုဋ္ဌဝတီမြစ်ထဲဆင်းပြီး အရင်နှစ်တွေလို ရေမကစားဖြစ်ဘူး။  ထန်းရွက်ပုတီး၊ ထန်းရွက်ငါးနဲ့ ဘူးခါးသီးခြောက် ဝယ်ဖို့လည်း စိတ်ကူးမရခဲ့ဘူး။ အရင်လို ပေါင်းမိုးလှည်းလေးတွေကို မတွေ့ရတော့ဘူး။ အရင်လို ထန်းရွက်ပုတီး၊ ထန်းရွက်ငါးရုပ်လေးတွေနဲ့ ဘူးခါးသီးခြောက် ရောင်းတဲ့ ဆိုင်တွေကိုလည်း များများစားစား မတွေ့ရတော့ဘူး။  ပွဲတော်ကာလအတွင်း ဘုရားလာဖူးကြတဲ့ ငါးကြီးတွေ အကြောင်းကိုလည်း ပြောသံမကြားရတော့ဘူး။ အဲဒါအပြင် ရွှေစာရံဘုရားပွဲတော်ကို လာရောက်ကြတဲ့ တောင်ပေါ်ဒေသက ပအို့ဝ်၊ ပလောင်၊ ရှမ်း၊ ဓနု တိုင်းရင်းသားတွေကို မြင်လိုက်ရတော့ အမုန်းစကားတခုကြောင့် ချစ်ကြည်ရင်းနှီးမှုတွေ ပျက်စီးခဲ့ရတာ၊ အချင်းချင်း သွေးကွဲခဲ့ရတာ၊ မိသားစုဘဝတွေ သေကွဲ၊ ရှင်ကွဲ ကွဲကွာခဲ့ရတာ၊ မလိုမုန်းထား၊ အမုန်းတရားတွေကို စဉ်းစားဆင်ခြင်ဉာဏ်နဲ့ ချိန်ထိုးခြင်းမရှိခဲ့တာကို တွေးမိတယ်။ ရွှေစာရံ စေတီတော်သမိုင်းကို တွေးလိုက်မိတော့ သင်ခန်းစာတမျိုး ရတယ်လို့ ခံစားနေရလို့ပါပဲ။ အမြွှာမောင်နှမဖြစ်တဲ့ ရှမ်းမောင်နှမ စောမွန်လှနဲ့ ခွန်ကော်လန်းတို့ နှစ်ယောက်မှာ စောမွန်လှက အစ်မကြီး။ သူတို့ မောင်နှမနှစ်ယောက် ကြီးပြင်းရာ မောကိုးပြည်ကို  မြန်မာဘုရင် အနော်ရထာမင်းက နှစ်သက်တော်မူခဲ့တယ်။ မောင်နှမနှစ်ဦးရဲ့ ဖခင် မောဘုရင်ကြီးကတော့ နှစ်ပြည်ထောင် ချစ်ကြည်ရေးအတွက် သမီးတော် စောမွန်လှကို  အနော်ရထာမင်းကြီးနဲ့ လက်ဆက်စေခဲ့တယ်။ အနော်ရထာမင်းကြီးဟာ ရှမ်းမင်းသမီးလေး စောမွန်လှကို အင်မတန် မြတ်နိုးတော်မူခဲ့တယ်။  အဲဒါကြောင့်လည်း မိဖုရားခေါင်ကြီးဖြစ်တဲ့ သီရိမာလာဒေဝီရဲ့ အမုန်းပွားခြင်းကို ခံခဲ့ရသူပေါ့။ ဘာသာတရားကို ကိုင်းရှိုင်းလွန်းတဲ့ ရှမ်းမင်းသမီးလေး စောမွန်လှတဲ့ နားတောင်းက ရောင်စဉ်ကွန့်မြူးတာကို စုန်းပညာတတ်သူတယောက်အဖြစ် ဉာဏ်ဆင်ပြီး ချောက်တွန်းခဲ့တယ်။ ဒါကို  လေ့လာဆန်းစစ်မှု အားနည်းတဲ့အပြင် အမှားကို ထပ်ခါထပ်ခါ ပြောလို့ အမှန်ထင်မှတ်သွားတာခဲ့တယ်။ အနော်ရထာဘုရင် ကိုယ်တော်တိုင်ကလည်း မြင်တွေ့သမျှ ဝေဖန်ပိုင်းခြားမှုမရှိဘဲ ယုံမှားသံသယ ဖြစ်ခဲ့ရာကနေ ရှမ်းမင်းသမီးလေး စောမွန်လှဟာ စုန်းမ ဧကန်ဖြစ်တယ်လို့ သတ်မှတ်လိုက်ပြီး နေရပ်ကို ပြန်ဖို့ တိုင်းပြည်ကနေ နှင်ထုတ်လိုက်တော့တယ်။ အဲဒီလို အမုန်းစကားနဲ့ မနာလို မုန်းထားစိတ်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် စောမွန်လှမင်းသမီးလေးဟာ နန်းတော်ကနေ ထွက်ခွာလာခဲ့တယ်။ လမ်းခုလတ်ဖြစ်တဲ့ ရွှေစာရံ မရောက်ခင် အခု နားတောင်းကျချောင်းလို့ အမည်တွင်တဲ့ ချောင်းကိုရောက်တဲ့အခါ နားတောင်းတဖက် ရေမှာ ကျခဲ့တယ်။  အကယ်၍ ဘုရင်မင်းမြတ်ဟာ သူ့ကို နန်းတော်ကို ပြန်မခေါ်တော့ဘူးဆိုရင် ရေမှာ ကျတဲ့ နားတောင်းဟာ လက်ဝယ် ပြန်ရောက်ပါစေလို့ ခြုံထည်ပဝါစကို ရေမှာချပြီး သစ္စာပြုလိုက်တဲ့အခါ နားတောင်းဟာ ခြုံထည်ပဝါစမှာ ကပ်ငြိပါလာခဲ့တယ်။ အဲဒီနားတောင်းနဲ့ သူ့မှာပါလာတဲ့ ဓာတ်တော်တွေကို ဌာပနာပြီး စေတီတဆူ တည်ခဲ့တယ်။ ဉာဏ်တော်အမြင့်က ငါးတောင် ရှိတယ်။ အခု ရွှေစာရံပေါ့။ စေတီတော် တည်တာကို ကြားသိတဲ့ မင်းကြီးဟာ မင်းချင်းကို စေလွှတ်ပြီး ‘ဘုရားမုခ်ဦးကို ဖခင်နဲ့ မောင်တော်ရှိရာ မောရှမ်းဘက်ကို လှည့်တည်ထားလျှင် စောမွန်လှကို သတ်၊ ငါကိုယ်တော်မြတ်ရှိရာ နန်းတော်ဘက်ကို လှည့်တည်ထားတယ်ဆိုရင် အသက်ချမ်းသာစေ’ လို့ အမိန့်ပေးလိုက်တယ်။ ဒါကို သိခွင့်ရလိုက်တဲ့ မင်းသမီးစောမွန်လှဟာ ညတွင်းချင်းပဲ  သစ္စာဓိဋ္ဌာန် ပြုလိုက်တဲ့အတွက် အခုလက်ရှိ ဖူးတွေ့နေရတဲ့ ရွှေစာရံစေတီတော်ဟာ အရှေ့ဘက်မကျ၊ အနောက်ဘက်မကျ တည်ရှိနေခဲ့တယ်။  ဖခင်နဲ့ မောင်တော်ရှိရာ မောပြည်ကို ပြန်တဲ့ လမ်းတလျှောက်မှာလည်း စေတီတော်တွေကို တည်ထားခဲ့တယ်။ မောပြည်ကို မရောက်ခင် လမ်းခုလတ်မှာပဲ ကံတော်ကုန်ခဲ့ရတယ်။ အစ်မတော် ကံတော်ကုန်တဲ့ သတင်းစကားကြောင့်ပဲ မောင်တော် စဝ်ကော်လျန်လည်း ကံကုန်ခဲ့ရှာတယ်။ နှစ်စဉ် တပေါင်းလပြည့်နေ့ကနေ လပြည့်ကျော် ၉ ရက်နေ့ထိ ဆယ်ရက်တိုင်တိုင် ကျင်းပတဲ့ ရွှေစာရံဘုရားပွဲတော်ကြီးကတော့ အခုနှစ် ပွဲတော်နဲ့ပါဆိုရင် နှစ်ကိုးဆယ်နီးပါး ရှိနေပြီလို့လည်း သိရတယ်။ ဘုရားအမ စောမွန်လှ တည်ထားခဲ့တဲ့ ရွှေစာရံ စေတီတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၈၀ ပြည့်နှစ်မှာ ရသေ့ကြီး ဦးခန္တီက ပြည်လည်တည် ထားခဲ့တာလို့လည်း သိရတယ်။ ဉာဏ်တော်အမြင့် အတောင် ၉၀ ရှိတယ်။ အခန်း စောင်းတန်းပေါင်းက ၁၆၈ ခန်း၊ တိုင်ပေါင်းက ၂၂၄ တိုင် ပါတယ်။   ဒီသမိုင်းကြောင်းတွေကို စိတ်မကောင်းခြင်းများစွာနဲ့ ပြန်စဉ်းစားမိတဲ့အခါ သမိုင်း သင်ခန်းစာတခု ရလိုက်တယ်။ အမုန်းတွေကို မစွန့်လွှတ်သရွေ့၊ ဆင်ခြင်သုံးသပ်မှု အားနည်းနေသရွေ့ အေးချမ်းမှုဆိုတာ ပျောက်ဆုံးနေမှာပါပဲ။ မိသားစုတွေ ထိခိုက်နေရဦးမှာပါပဲ။ သေကွဲ၊ ရှင်ကွဲတွေ ကွဲကွာ ခွဲခွာနေရဦးမှာပါပဲ။ သမိုင်းသင်ခန်းစာတွေကို ကြည့်ပြီး အချင်းချင်းလည်း အမုန်းမပွားသင့်တော့ဘူး။ တောင်ပေါ် မြေပြန့်လည်း မခွဲခြားသင့်တော့ဘူး။ ငါ့ဖို့ဆိုတဲ့ အတွေးတွေကို စွန့်ထားပြီး အများဆိုတာကို ကြည့်ရင်း လက်ချင်းယှက်သင့်နေပါပြီ။ အမုန်းပင်တွေပျောက်လို့ အပြုံးပင်တွေ လှိုင်လှိုင်ပေါက်သင့်နေပါပြီ။ ရွှေစာရံက အပြန်မှာတော့ ဆုတောင်းမိတယ်။  သောကကင်းကင်းနဲ့ ကောင်းသော အိပ်စက်ခြင်း၊ ကောင်းသော နိုးထခြင်းတွေနဲ့ မြန်မာပြည်ကြီး အေးချမ်းပါစေလို့သာ။ သင်းသင်းသော်
5 years Ago

February 22, 2017

သူတို့ မှားနိုင်လွန်းကြတယ်

  ရုံးအားတဲ့ တရက်မှာ အစ်မတယောက်က အိမ်ရောက်လာတယ်။  သူ သိချင်တဲ့သတင်းကို မေးတယ်။ ဦးကိုနီ လုပ်ကြံခံရတဲ့အကြောင်း အသေးစိတ် သိချင်သတဲ့။  အဲဒါနဲ့ပဲ သတင်းစာမျက်နှာတခုကို ဖွင့်လိုက်တယ်။ “ရော့ ဖတ်ကြည့်လိုက်။ အဲဒီစာမျက်နှာတွေမှာ ဦးကိုနီနဲ့ပတ်သက်တဲ့ သတင်းတွေ အစုံပါတယ်။ ကြိုက်တဲ့ link ထဲ ၀င်ဖတ်”ဆိုပြီး ဖုန်းကို ပေးလိုက်တယ်။ သတင်းရဲ့ Lead ပိုဒ်ကို ဖတ်ပြီးခါပဲ ရှိသေး။ ဒီသတင်းက သူ ကြားထားတာနဲ့  မတူဘူးလို့ ပြောတယ်။ ရေးထားတာက ဒီလို… “ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ပညာရှင် ရှေ့နေဦးကိုနီနဲ့ လူသတ်သမားကို တားမြစ်ဖမ်းဆီးခဲ့တဲ့ ယာဉ်မောင်း ဦးနေ၀င်းတို့အတွက် ဂုဏ်ပြုအမျှအတန်း ပေးဝေပွဲကို အမရပူရမြို့နယ် တောင်လေးလုံး ကျောင်းတိုက်မှာ Online NLD အဖွဲ့သားများ စုပေါင်းပြီး ယနေ့ ပြုလုပ်ခဲ့သည်”လို့ ရေးထားတယ်။ ရုတ်တရက် ဒီစာကို ဖတ်လိုက်ရတော့ အစ်မ နားလည်သွားတာက တမျိုး ဖြစ်သွားတယ်။ ဦးကိုနီနဲ့ လူသတ်သမားကို ဖမ်းပေးခဲ့တာက ဦးနေ၀င်းလို့ သူ ထင်သွားခဲ့တယ်။  စာကို သေချာပြန်ဖတ်ကြည့်တော့မှ  စကားလုံး အခွဲ အတွဲတွေ မမှန်တာ၊ ပုဒ်ထီး မထည့်သင့်တဲ့နေရာ ပုဒ်ထီး ထည့်ထားတာတွေကြောင့် အဓိပ္ပာယ်ကောက် လွဲသွားတာပါ။ အဲဒါအပြင် စာကြောင်းက အရမ်းရှည်နေတော့ အမှတ်မှား၊ အသိမှား ဖြစ်သွားတာလည်း ပါပါတယ်။  ပြီးတော့ အွန်လိုင်း NLD ဆိုတာ ဘာပြောတာတုံးလို့လည်း ဆက်မေးပါတယ်။ တော်တော်လေး ရှင်းပြလိုက်ရပါတယ်။ သတင်းထောက်ကြောင့်လား၊ စာစီစာရိုက်ကြောင့်လား၊ စာပြင်ကြောင့်လား၊ ဒီဇီုင်းသမားကြောင့်လား၊ အယ်ဒီတာကြောင့်လား၊ ဘယ်သူ့ကြောင့်မှန်း မသိလိုက်ဘဲ စာဖတ်သူဆီ ရောက်သွားတာမျိုး အကြိမ်ကြိမ် မဖြစ်ဖို့တော့ လိုအပ်မယ် ထင်ပါတယ်။ သတင်းရဲ့ ရသဟာ ရေးဖွဲ့ထားတဲ့ အရေးအသားတွေ၊ စကားလုံး အမှားအယွင်း ကင်းမှုတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ စကားလုံး အထားအသို မှားယွင်းမှုကြောင့် အဓိပ္ပာယ်ပါ ပြောင်းသွားတဲ့ သတင်းတွေကိုလည်း တွေ့နေရပါတယ်။ ဟုတ်တယ်။ အခုနောက်ပိုင်း အချို့သော သတင်းစာ၊ ဂျာနယ်နဲ့ အင်တာနက်ပေါ်က သတင်းစာမျက်နှာတွေကို ဖတ်ရတာ ဆားမပါတဲ့ ဟင်းကို စားနေရသလို ပေါ့ပြက်ပြက်ကြီး ခံစားနေရတယ်။ အရေးအသားပိုင်းတွေနဲ့ စကားလုံး အသုံးအနှုန်းတွေ၊ ရှုပ်ထွေးနေတဲ့ ၀ါကျဖွဲ့စည်းမှုတွေကို မပြီးနိုင် မစီးနိုင် ဖတ်နေရတော့ စိတ်အချဉ်ပေါက်လာတယ်။ အမှားတွေ ထပ်နေတဲ့ အရေးအသားတွေကို မြင်ရပါများလာတော့ နောက်ထပ် ဘယ်လို အမှားတွေများ ပါလာလိမ့်မလဲဆိုတဲ့ အတွေးက အရင်ဝင်နေတယ်။ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးတဲ့ အရေးအသားတွေက ဘယ်လိုပဲ မှားမှား၊ ဘယ်လို စကားလုံးကိုပဲ သုံးသုံး၊ အထားအသို ဘယ်လိုပဲရှိရှိ၊ စာဖတ်နေသူတွေက သိပ်စိတ်မ၀င်စားလှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ တင်တာတွေဟာ သတင်းစာမျက်နှာ မဟုတ်လို့ပါဘဲ။ မှားတယ်ဆိုတာ မမှန်တာဖြစ်လို့ သိပ်တော့လည်း မကောင်းလှပါဘူး။ စာရေးသူက ပေးချင်တဲ့ သတင်းရည်ရွယ်ချက်က တမျိုး၊ ရေးလိုက်တဲ့ အရေးအသား အမှားကြောင့် စာဖတ်သူ နားလည်သွားတာက တမျိုး ဖြစ်တတ်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာကိုပဲ သတင်းခေါင်းစဉ်တွေ၊ သတင်းအစပိုဒ်တွေကို ဖတ်လိုက်ရရတာနဲ့တင် ခေါင်းတခုလုံး လည်ထွက်နေပါတော့တယ်။ ဒီရက်ပိုင်း ဖတ်ရတဲ့ နောက်သတင်းတပုဒ်က ဒီလိုပါ။ “စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးဟောင်း နေထိုင်ခဲ့သည့် ၀န်ထမ်းအိမ်ရာအတွင်းမှ သေနတ်ကျည်ဖူးတွေကို စည်ပင်သာယာဝန်ထမ်းတဦးက အမှိုက်ရှင်းလင်းစဉ် တွေ့ရှိခဲ့ပါသည်” လို့ ရေးထားတယ်။ စာဖတ်သူ နားလည်လိုက်တာက ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဟောင်းဟာ အဲဒီ အိမ်မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကမှ နေသွားတာလို့ အဓိပ္ပာယ်ပေါက်လိုက်ပါတယ်။ တကယ်က အဲဒီလို မဟုတ်ပါဘူး။ သူ နေသွားတဲ့ အဲဒီအိမ်ကို သန့်ရှင်းရေးသမားက ၁၉ ရက်နေ့မှာ သွားပြီးသန့်ရှင်းရေးလုပ်တာပါ။ ကြောင်အိမ်ထဲက အကို့အတွက် ငါးကြော်ယူခဲ့ပါ ဆိုသလို ဖြစ်နေပါတယ်။ နောက်ထပ် အကြောင်းအရာတခုကို ပြောချင်ပါသေးတယ်။ သတင်းတပုဒ်ကို ဖတ်နေရင်းနဲ့ အပေါ်စာကြောင်းမှာ ယင်း၊ ထို၊ သည် ဆိုတာနဲ့ ရေးထားပြီး နောက်စာကြောင်းမှာ တဲ့၊ နဲ့၊ တယ် ဆိုတာနဲ့ ရေးထားတော့ စာဖတ်ရတာ အရသာ ပျက်လွန်းလှပါတယ်။ ကိုယ်ရေးမယ့် သတင်းကို စကားပြေနဲ့ ရေးမှာလား၊ စကားပြောနဲ့ ရေးမှာလား ဆိုတာကိုတော့ သေသေချာချာ ဆုံးဖြတ်ထားစေချင်တယ်။ ဒါဟာ သတင်းစာတိုက်တွေမှာ မူဝါဒမရှိလို့ပဲလား။  ဒါမှမဟုတ် စိစစ်တည်းဖြတ်ပေးတဲ့သူ လိုအပ်ချက်ပဲလား ဆိုတာတော့ မပြောလိုပါဘူး။ သတင်းရေးသူကိုယ်တိုင်က ဒီလို အရေးအသား အမှားတွေ၊ အသုံးအနှုန်း အမှားတွေ၊ ၀ါကျ အထားအသို အမှားတွေကင်းဖို့ ကိုယ့်သတင်းကို သေသေချာချာ အထပ်ထပ် ပြန်ဖတ်ကြည့်ပြီးမှ ကိုယ့်လက်က လွှတ်ဖို့လိုပါတယ်။ သတင်းဦးဖို့၊ သတင်းပုဒ်ရေ ပြည့်မီဖို့။ သတင်းများများရေးမှ စာမူခ များများရမှာမို့ ဆိုတဲ့ အတွေးတွေကို နောက်နား ခဏ ထားစေချင်ပါတယ်။ သတင်းပုဒ်ရေ ပြည့်မီဖို့ဆိုတဲ့ ဖိအားတွေ  သတင်းထောက်တွေမှာ  ရှိနေတယ် ဆိုတာလည်း သိပါတယ်။ သို့ပေသိလည်း သတင်းကောင်းတပုဒ် ရေးသားဖို့ကလည်း အရေးကြီးပါတယ်။ ပြီးပြည့်စုံတဲ့ သတင်းမျိုး မဟုတ်ရင်တောင် ဖတ်ကောင်းတဲ့ သတင်းမျိုး၊ အမှားကင်းတဲ့ သတင်းမျိုးကိုတော့ စာဖတ်သူတွေက မျှော်လင့်ကြတာပါ။ တချို့စာတွေမှာ “အမေများနေ့” ဆိုတဲ့ အသုံးအနှုန်း၊ တချို့ဂျာနယ်မှာ “မဟာမြတ်မုနိ ဘုရားကြီး”ဆိုတဲ့ အသုံးတွေ၊ ကယ်ရီနဲ့ ကယ်ဒီ အလွဲ၊ လွှတ်နဲ့ လွတ် အလွဲ၊ ဒိုဘီနဲ့ ဒိုတီ အလွဲကို တွေ့နေရပါတယ်။ အများကြီးမှ အများကြီးပါပဲ။ ကိုယ်ဖတ်ဖူးတဲ့ စာကို သတိရမိတယ်။ မှတ်ကြီး ၁၀၈ လုံး ကောက်နုတ်ချက်ထဲက စာကြောင်းလေးတွေကို။ “ဘာသာမျိုးခြား၊ စာစကား၊ သင်ကြားသင့်သည်မှတ်။ ” “ဂဏန်းမသင်၊ လဒ်မမြင်၊ ကူးလျှင်ရှုံးမည်မှတ်”   “ပညာမရ၊ အိမ်ထောင်ကျ၊ ဒုက္ခရောက်မည်မှတ်” “လိုမိုက်မှန်ငြား၊ ခိုက်ရန်ပွား၊ ကွဲပြားမစေ့မှတ်”    “လူဆိုးနှင့်မူ၊ ပေါင်းဖက်သူ၊ ထပ်သူသဘောမှတ်” “မီး၊ မြွေ၊ သူမိုက်၊ ရှောင်ကွင်းထိုက်၊ ထိခိုက်မသင့်မှတ်” တဲ့။ ဒါကြောင့် စာဖတ်သူတွေကို ပေးမယ့် အကြောင်းအရာတွေမှာ အမှားကင်းတဲ့ သတင်းလေးတွေ ဖြစ်ဖို့ သတိထားစေချင်ပါတယ်။ အခုကတော့ သူတို့ မှားနိုင်လွန်းကြတယ်လို့သာ .....။ သင်းသင်းသော်
5 years Ago
More News
Up