သင်တန်းကာလ ထိုင်းစစ်သားတဦး ရိုက်နှက်အပြစ်ပေးခံရသည့် ရုပ်သံထွက်ပေါ်

November 20, 2016

သင်တန်းကာလ ထိုင်းစစ်သားတဦး ရိုက်နှက်အပြစ်ပေးခံရသည့် ရုပ်သံထွက်ပေါ်

ထိုင်းစစ်သားတဦးကို သူရဲ့ အထက်အရာရှိတွေက ပြင်းပြင်းထန်ထန် ရိုက်နှက်နေတဲ့ ဗွီဒီယိုရုပ်သံ လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာပြီးနောက် ထိုင်းဘုရင့်တပ်မတော်က ဒီိကိစ္စကို စတင်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ထိုင်းစစ်သားကို သူရဲ့အထက်အရာရှိတွေက ထပ်တလဲလဲရိုက်နှက်နေတဲ့ ဗွီဒီယိုရုပ်သံကို နိုဝင်ဘာလ ၁၈ ရက်နေ့က ထိုင်းလူမှုကွန်ရက်တွေမှာ အကြီးအကျယ် ဖြန့်ဝေပျံ့နှံ့ခဲ့တာလို့ ပရာချထိုင်းသတင်းမီဒီယာက ဖော်ပြခဲ့တာပါ။ ဗွီဒီယိုရုပ်သံထဲမှာ စစ်သားကို ပြင်းပြင်းထန်ထန် တုတ်နဲ့ရိုက်နှက်၊ ခေါင်းကို ခြေထောက်နဲ့ ကန်နေတာတွေကို တွေ့မြင်ရမှာပါ။ အထက်အရာရှိတဦးက ရိုက်ခံရတဲ့စစ်သားကို နာတယ်ဆိုပြီး မပြောဖို့၊ မအော်ဖို့ သတိပေးပြီး အကယ်၍အော်ရင် ထပ်ပြီးရိုက်နှက် အပြစ်ပေးမယ်လို့လည်း ခြိမ်းခြောက်နေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ ဝိုင်းကြည့်နေတဲ့ စစ်သားတွေလည်း အပြစ်ပေးစဉ် ပါဝင်ခဲ့ကြပြီး အချို့စစ်သားတွေက ရိုက်နှက်ခံရတဲ့ စစ်သားကို “တပ်ထဲကထွက်ပြီး” “အိမ်ပြန်” လို့ လှောင်ပြောင်သရော်ခဲ့ကြပါတယ်။ ဒီဗွီဒီယိုရုပ်သံ ဖြန့်ဝေပျံ့နှံ့ပြီးနောက် ထိုင်းဘုရင့်တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်ထိုင်းဆူဗရီက ရုပ်သံထဲက အပြစ်ပေးခံရတဲ့စစ်သားဟာ ယန္တရားတပ် ကွန်မန်ဒိုတပ်ဖွဲ့ယူနစ်က စစ်သားဖြစ်တယ်လို့ ပြောလိုက်ပြီး လေ့ကျင့်နေစဉ်အတွင်း ဒီအပြစ်ပေးခဲ့တာလို့လည်း ဆိုပါတယ်။ စစ်တပ်က ဒီကိစ္စနဲ့စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ခအိုဆော့ဒ် သတင်းဌာနက သတင်းထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုအထူးယူနစ်က စစ်သားတွေဟာ ရုပ်ပိုင်း စိတ်ပိုင်းကြံ့ခိုင်ဖို့ လိုအပ်လို့ သင်တန်းတွေကလည်း အတော်အတန်ပြင်းထန်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးက ဖြည့်ပြောခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဗွီဒီယိုရုပ်သံထဲက ညှဉ်းပန်းနှိပ်စက်မှုဟာ စည်းကမ်းနဲ့သက်ဆိုင်တဲ့ ချိုးဖောက်မှုဆိုတာ ထင်ရှားနေပါတယ်။ အကယ်၍ ဒီလိုရိုက်နှက်ခဲ့တာက အပြစ်ထင်ရှားရင် အထက်လူကြီးတွေကို ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ “စစ်တပ်ရဲ့ တပ်မှူးကလည်း တပ်တွေအနေနဲ့ ဘယ်လိုညှဉ်းပန်းနှိပ်စက်မှုမျိုးကိုမဆို ရှောင်ကျဉ်ရမယ်လို့ အလေးအနက် တိုက်တွန်းထားပါတယ်။ အကယ်၍ ညှဉ်းပန်းနှိပ်စက်မှုတွေကို တွေ့ခဲ့ရင် စည်းကမ်းပိုင်းဆိုင်ရာ အပြစ်ပေးမှုတွေကို သေချာပေါက် ဆောင်ရွက်သွားမယ်” လို့ ဗိုလ်မှူးကြီး ဝင်ထိုင်းက ပြောခဲ့ပါသေးတယ်။
5 years Ago
Up