သခင်ဖြစ်သူ လဲကျသေဆုံး၍ လမ်းပေါ်ထွက် အကူအညီတောင်းသည့် ခွေးနှစ်ကောင်

September 27, 2017

သခင်ဖြစ်သူ လဲကျသေဆုံး၍ လမ်းပေါ်ထွက် အကူအညီတောင်းသည့် ခွေးနှစ်ကောင် (ရုပ်သံ)

ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းခရိုင်ထဲမှာ လူတဦး တောထဲမှာ နွားသွားကျောင်းရင်း လဲကျသေဆုံးသွားတဲ့အတွက် သူ့ရဲ့ အပါးတော်မြဲ ခွေးကလေး ၂ ကောင်က လမ်းမကြီးပေါ် ထွက်အူပြီး အကူအညီတောင်းခဲ့တယ်လို့ အမ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၂၅ ရက် ညနေ ၅ နာရီခွဲလောက်က လမ်းပန်းခရိုင် ကလွေ့ဖဲ့ကျေးရွာအုပ်စု ကလွေ့လုံကျေးရွာ လယ်ကွင်းထဲမှာ လူတဦး လဲကျမေ့မျောနေကြောင်း ရွာသားတွေက အကြောင်းကြားတဲ့အတွက် အကူအညီပေးဖို့ သွားရောက်ခဲ့ရာ ကားလမ်းမကြီး အတွင်းပိုင်း မီတာ ၁၀၀ လောက် အကွာအဝေးရှိ လယ်ကွင်းထဲမှာ လူတဦးလဲနေတာ တွေ့ရကြောင်း၊ စစ်ဆေးကြည့်ရှုရာ လက်ထဲမှာ ရှူဆေးပုလင်း ဆုပ်ကိုင်ပြီး သေဆုံးနေတာ တွေ့ရတယ်လို့ လမ်းပန်းမြို့နယ် အမရင်းကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ရွာသားတွေနဲ့ ဆွေမျိုးတွေရဲ့ ပြောပြချက်အရ သေဆုံးသူမှာ ကွေ့ဖရဲ့ရွာသား နိုင်းမိုင် ဖာ့ခမ်းတွန့် (အသက် ၅၈ နှစ်) ဆိုသူ နွားကျောင်းသားတဦးဖြစ်ပြီး သူ့မှာ နဂိုရောဂါအခံရှိကြောင်း၊ သူဟာ အချစ်တော် ခွေး ၂ ကောင်နဲ့အတူ အဲဒီတောအုပ်တွင်း နေ့စဉ် နွားကျောင်းထွက်လေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ကတော့ ခွေး ၂ ကောင်က ကားလမ်းမကြီးပေါ်ထွက်လာပြီး တွေ့သမျှလူတွေကို အူပြီး အသံပေးလိုက်၊ ဟိုသည်ပြေးလွှားလိုက် လုပ်နေကာ နွားတချို့ကလည်း လမ်းဘေးကမြက်တွေ ထွက်စားနေတာ တွေ့ရတဲ့အတွက် လူတွေက ခွေး ၂ ကောင် ပြေးသွားရာနောက် လိုက်ကြည့်ရာ လဲကျနေတဲ့  နိုင်းမိုင်ကို တွေ့ရတာလို့ ဆိုပါတယ်။ ရွာသားတွေက နိုင်းမိုင်ကို လှုပ်နိုးရာမှာတော့ အသက်မရှိတော့ကြောင်း၊ ခွေး ၂ ကောင်ကတော့ သူ့သခင်အပါးကနေ မခွာဘဲ မလှမ်းမကမ်းကနေ ထိုင်စောင့်နေလို့ ခွေးနဲ့ သခင်ကြား ချစ်ချင်းမေတ္တာကြီးမားပုံကို တွေ့လိုက်ကြရသလို သခင့်ပေါ် စိုးရိမ်ပူပန်တတ်တဲ့ ခွေး ၂ ကောင်ကိုလည်း အားလုံးက ဝိုင်းဝန်းချီးကျူးနေကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up