သက်ရောက်မှု မရှိ

December 7, 2020

ချန်ပီယံလိဂ်အုပ်စုကျော်ဖြတ်နိုင်မှု ဒါဘီပွဲကို သက်ရောက်မှု မရှိဟု ဂွါဒီယိုလာ ပြော

ချန်ပီယံလိဂ်အုပ်စုအဆင့်ကို စောစောစီးစီးကျော်ဖြတ်ထားနိုင်ခြင်းက နောက်တစ်ပတ်မှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲအတွက် အားသာချက်ဖြစ်စေတယ်လို့ ပြောစကားကို မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာက ပယ်ချခဲ့ပါတယ်။  မန်စီတီးအသင်းဟာ အုပ်စုပွဲစဉ်တစ်ပွဲကျန်တဲ့ အချိန်မှာတင် ရှုံးထွက်အဆင့်ကို တက်ရောက် နိုင်ခဲ့ပြီဖြစ်ပြီး နောက်လာမယ့် မာဆေးလ်နဲ့ပွဲက သူတို့အတွက် သိပ်အရေးမကြီးတော့ဘူးလို့ သတ်မှတ်ရပါမယ်။  မန်စီတီးက ဒီပွဲမှာ အဓိကကစားသမားတွေကို အနားပေးနိုင်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားပေမဲ့ တစ်ဖက်မှာတော့ ယူနိုက်တက်အသင်းဟာ အုပ်စုတက်ဖို့ ဂျာမနီမြေမှာ လိုက်ပစ်ဇ်အသင်းကို မဖြစ်မနေ အနိုင်ကန်ရမှာ ဖြစ်ပါတယ်။  ဒီလိုမျိုး သီတင်းပတ်လည်ပိုင်း ချန်ပီယံလိဂ်ပွဲစဉ်အနေအထားက စနေနေ့ မန်ချက်စတာဒါဘီပွဲအတွက် သက်ရောက်မှု ရှိလာနိုင်တယ်လို့ ယူဆချက်တချို့ ထွက်ပေါ်နေပေမဲ့ ဂွါဒီယိုကတော့ ဒါကို လက်မခံပါဘူး။  ဒါဘီပွဲစဉ်တွေရဲ့ သဘာဝအတိုင်း ဘယ်အသင်းမှာမှ အားသာချက်ဆိုတာ ရှိမနေဘူးလို့လည်း ပြောပါတယ်။  “ဒါဘီပွဲစဉ်ဖြစ်တာကြောင့် ကစားသမားတွေဟာ ပင်ပန်းနေကြမှာ မဟုတ်ပါဘူး။ သူတို့ဟာ ဆန့်ကျင်ဘက်အဖြစ် ရေကုန်ရေခမ်းယှဉ်ပြိုင်ကြမှာပါ။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ အာရုံစူးစိုက်မှုရှိရမှာပါ” လို့ မန်စီတီးနည်းပြက  ပြောပါတယ်။  မန်စီတီးအသင်းရဲ့ တိုးတက်ပြောင်းလဲလာပုံကိုလည်း နည်းပြက ကျေနပ်နေပြီး သူ့ အသင်းဟာ အကောင်းဆုံးအခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။  “ကျနော်တို့ တစ်လကျော်ကထက်ပိုကောင်းလာပါတယ်။ ဒါပေမဲ့ ဒါဟာ ပုံမှန်ပါပဲ။ ကြိုတင်ပြင်ဆင်မှု၊ အချိန်ယူမှုမရှိဘူးဆိုရင် ဒါဟာဖြစ်လာနိုင်တာပါပဲ။ ဒါကို ဆက်လက် လုပ်ဆောင်သွားရပါမယ်။”  မန်စီတီးအသင်းကို ဂွါဒီယိုလာ ရောက်လာပြီးချိန်ကတည်းက အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး ၈ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ 
4 months Ago
Up