သက်တမ်း ၁ လ ထပ်တိုးမည်

June 30, 2020

ထိုင်းနိုင်ငံတွင်  အရေးပေါ်အခြေအနေ သက်တမ်း ၁ လ ထပ်တိုးမည်  

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွါးမှုကာကွယ်ထိန်းချုပ်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၀ မတ်လကုန်ပိုင်းကစပြီး အရေးပေါ်အခြေအနေကြေညာကာ ထိန်းချုပ်ကန့်သတ်မှုတွေ ပြုလုပ်ထားတာကို ဇူလိုင်လကုန်ထိ တိုးမြှင့်ဖို့ သဘောတူဆုံးဖြတ်လိုက်ပါတယ်။ ထိုင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု ပြည်တွင်းအနေနဲ့ မတွေ့ဘဲ နိုင်ငံခြားက ပြန်လာသူတွေမှာပဲ တွေ့ရှိခဲ့တာ ရက်ပေါင်း  ၃၅  ရက် ရှိသွားပြီဖြစ်ပေမဲ့ နိုင်ငံတကာမှာ ကူးစက်မှုတွေ ဆက်ပြီးမြင့်မားနေဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရေးပေါ်အခြေအနေကိုတော့ ရုပ်သိမ်းခြင်း မရှိသေးဘဲ ဇူလိုင် ၁ ရက်မှ ဇူလိုင်လကုန်ထိ တိုးမြှင့်ဖို့  ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေ စီမံကွပ်ကဲရေးဗဟိုဌာန (CCSA) အဖွဲ့ရဲ့ မနေ့က အစည်းအဝေးမှာ သဘောတူခဲ့ကြတာပါ။ ဒါပေမဲ့ အရေးပေါ်အခြေအနေမှာ ထုတ်ပြန်ကြေညာထားတဲ့ ထိန်းချုပ်မှု Lock down တွေကို အဆင့်လိုက် ဖြေလျှော့ပေးခဲ့ရာမှာ အဆင့် ၅ ထိ ထပ်ပြီး ဖြေလျှော့ပေးသွားမယ်လို့ CCSA ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝီးဆင်ဝိဆနုယိုးထင်းက ကိုဗစ်-၁၉ အခြေအနေအစီရင်ခံချက်မှာ ထည့်သွင်းပြောပါတယ်။ အဆင့် ၅ ဖြေလျှော့မှုမှာ  ဇူလိုင်လ ၁ ရက်နေ့ကစပြီး အစိုးရ၊  ပုဂ္ဂလိက စာသင်းကျောင်းတွေ ပြန်ဖွင့်တာ၊ ကုန်တိုက် ရှော့ပင်းမောလ်တွေကို အချိန်ကန့်သတ်ခြင်းမရှိဘဲ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်တာ၊ ဘား အရက်ဆိုင်နဲ့ ကာရာအိုကေဆိုင်တွေ၊ မှတ်ပုံတင်ထားတဲ့ ဂိမ်းဆိုင် အင်တာနက်ဆိုင်တွေ ၊ အနှိပ်ခန်းတွေ  ပြန်ဖွင့်ခွင့်ပြုတယ်လို့ ဆိုပါတယ်။  ဒါပေမဲ့လည်း ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် သက်ဆိုင်ရာအဆောက်အဦထဲ အဝင်အထွက် လက်မှတ်ထိုးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ mask နှာခေါင်းစွပ်တပ်ဆင်ခြင်း၊ တဦးနဲ့တဦး ခပ်ခွာခွာနေခြင်း စတာတွေဆက်လက်ဆောင်ရွက်ရမယ်လို့   ဒေါက်တာထဝီးဆင်က ပြောပါတယ်။  အရေးပေါ်အခြေအနေထုတ်ပြန်ချက်အရ ပိတ်ထားတဲ့ နိုင်ငံတကာနဲ့ နယ်စပ်ဂိတ်တွေကိုတော့  မဖွင့်သေးဘဲ  တာဝန်ရှိသူနဲ့ ခွင့်ပြုချက်ရသူတွေသာ သွားလာခွင့်ရှိပါတယ်။ နယ်စပ်ခရိုင်တွေမှာရှိတဲ့  အဝေးပြေးကားဂိတ် ၉ ခုကိုတော့ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေနဲ့ ပတ်သက်ပြီး  ဒီကနေ့ထုတ်ပြန်ချ က်မှာတော့ ကူးစက်ခံရသူ လူနာသစ် ၂ ဦးရှိပြီး ၂ ဦးစလုံးက နိုင်ငံခြားပြန်တွေဖြစ်ကာ အစိုးရစီစဉ်ပေးတဲ့ ကွာရန်တင်းစင်တာမှာ  အသွားအလာ ကန့်သတ်ခံထားရသူတွေ ဖြစ်ပါတယ်။  လက်ရှိ   ထိုင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ ၃၁၇၁ ဦးရှိပြီး သက်သာ ပျောက်ကင်းသူ ၃၀၅၆ ဦးရှိပါတယ်။ သေဆုံးသူ ၅၈ ဦးရှိပြီး ဆေးရုံမှာ တက်ရောက်ကုသနေသူ ၅၇ ဦးရှိတယ်လို့ CCSA  က ထုတ်ပြန်ပါတယ်။ 
11 months Ago
Up