သက်ဆိုင်

A d v e r t i s e m e n t With Us

June 15, 2020

စာချုပ်သက်တမ်းတိုးမတိုး အာဆင်နယ် တာဝန်ရှိသူများနှင့်သာ သက်ဆိုင်ဟု အူဘာမီယန်းပြော

အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ထပ်ချုပ်ဖြစ်၊ မဖြစ်ဆိုတာ အသင်းတာဝန်ရှိသူတွေနဲ့ပဲ သက်ဆိုင်တယ်လို့ တိုက်စစ်မှူး ပက်ထရစ် အူဘာမီယန်းကပြောပါတယ်။  ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးနဲ့ အာဆင်နယ်အသင်းတို့ရဲ့စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိလာခဲ့ပြီး ကစားသမားဟာ ပြီးခဲ့တဲ့လတွေအတွင်း အင်တာမီလန်၊ ဘာစီလိုနာ အသင်းတို့ကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။  လက်ရှိ စာချုပ်သစ်အတွက် ဆွေးနွေးပွဲတွေမှာ ကစားသမားဘက်က တောင်းဆိုတဲ့လစာကိစ္စ က အဓိက အခက်အခဲဖြစ်စေတယ်လို့ ယူဆရပြီး အူဘာမီယန်းဘက်ကတော့ သူတောင်းဆိုတာကို မရရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။ “ကျနော်ကို လောလောလတ်လတ်ကမ်းလှမ်းလာတာမျိုး မရှိသေးပါဘူး။ ကျနော်နဲ့ အာဆင်နယ်အသင်း ဆွေးနွေးနေတယ်ဆိုတာကတော့ သေချာပါတယ်။ အရာအားလုံးက အာဆင်နယ်အသင်းနဲ့ သက်ဆိုင်ပါတယ်။ သူတို့ဟာ အားလုံးကို သိရှိထားပြီး ဖြစ်သလို သူတို့အလုပ်ကို သူတို့လုပ်ဆောင်သွားပါလိမ့်မယ်။ အားလုံးပြီးသွားရင်တော့ ဘာဆက်ဖြစ်မလဲဆိုတာကို  တွေ့ရမှာပါ။ ဒါဟာ ကျနော့်ကစားသမားဘဝအတွက် အလှည့် အပြောင်းတခုပါ။ ဒါပေမယ့် အခုချိန်ထိတော့ ဘာကိုမှ ယတိပြတ်မဆုံးဖြတ်ရသေးပါဘူး” လို့ အူဘာမီယန်းက ပြင်သစ်သတင်းဌာနတခုကို ပြောကြားပါတယ်။  အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဒီရာသီအစပိုင်းမှာ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ရခဲ့ပြီး ဂိုး ၂၀ နဲ့အတူအာဆင်နယ်အသင်းရဲ့ ဂိုးသွင်း စာရင်းကိုလည်း ဦးဆောင်ထားပါတယ်။  အသက် ၃၀ အရွယ် အူဘာမီယန်းက ကစားသမားဘဝလက်ကျန်သက်တမ်းမှာ ဆုဖလားတွေဆွတ်ခူးဖို့က ပထမဦးစားပေး ဖြစ်တယ်လို့ ဝန်ခံပါတယ်။  “အားကစားသမားတိုင်းမှာ ဆုဖလားတွေကိုဆွတ်ခူးဖို့ စိတ်ကူးရှိကြပါတယ်။ ကျနော့်နေရာ မှာ တခြားလူဆိုရင်လည်း ဆုဖလားကိုအာဆင်နယ်အသင်းနဲ့ဆွတ်ခူးချင်လား ဒါမှမဟုတ် တခြား အသင်းနဲ့လားဆိုတာကို ပြန်မေးခွန်းထုတ်မိမှာဖြစ်ပါတယ်။ဒါကတော့ ရှင်းရှင်းလေးပါပဲ။”  အူဘာမီယန်းဘက်သာ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းက နောက်နွေရာသီမှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုတာထက် စာချုပ်မကုန်ခင် ရောင်းထုတ်သွားဖွယ်ရှိနေပါတယ်။
9 months Ago
Up