သက်ငယ်မုဒိမ်း

December 23, 2020

၆ နှစ်သမီးအား အဓမ္မပြုကျင့်သတ်ဖြတ်သူကို SSPP က သေဒဏ်ချမှတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ချမှတ်လိုက်တယ်လို့  ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဒီဇင်ဘာ ၂၂ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ သေဒဏ်ချမှတ်ခံရသူ တရားခံအမျိုးသားကိုတော့ အသက် ၃၀ အရွယ် အိုက်စောလို့ ဖော်ပြထားခဲ့ပြီး ဒီအဖြစ်အပျက်ဟာ သီပေါမြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်စု၊ ဝမ်နွတ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က ဖြစ်ခဲ့တာပါ။ ပြစ်မှုကျူးလွန်သူ အမျိုးသားဟာ  ဦးလုံးထွန်း၊ ဒေါ်နန်းတောင်တို့ရဲ့ သမီးဖြစ်တဲ့ အသက် ၆ နှစ်အရွယ် နန်းလယုံးကို နေအိမ်က အတင်းအဓမ္မဖမ်းချုပ်ပြီး ရွာအရှေ့ဘက် ချုံထဲမှာ မုဒိမ်းပြုကျင့်ကာ လျှိုမြောင်ထဲကို ပစ်ချခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)ရဲ့ မြို့နယ်၊ ခရိုင်တရား ရုံးအဆင့်ဆင့်က အမှုစစ်ခဲ့ပြီး ဗဟိုတရားရုံးကို တရားခံနဲ့အတူ အမှုလွှဲအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂၂ ရက်မှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဗဟိုတရားရုံးရဲ့ တရားခွင်မှာ အမှုစစ်ဆေးခဲ့ပြီး သက်ငယ်မုဒိမ်းမှုနဲ့ လူသတ်မှုမြောက်ကြောင်း ထပ်မံအတည်ပြုနိုင်ခဲ့ပြီး သေဒဏ်ချမှတ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ လက်ရှိဥပဒေအရ သက်ငယ်မုဒိမ်းမှုကျုးလွန်သူဟာ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ လူသတ်မှုပုဒ်မ ၃၀၂ တို့နဲ့ တရားစွဲဆိုခံရမှာ ဖြစ်ပါတယ်။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် သူ့ကို တသက်တကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ပုဒ်မ ၃၀၂ (ဂ) အရတော့ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တဲ့ပြစ်မှုကို ကျူးလွန်နေတုန်းမှာ လူသတ်မှုကို ကျူးလွန်တယ်ဆိုရင် သူ့ကို သေဒဏ်ချမှတ်ရမှာဖြစ်တဲ့အပြင် ငွေဒဏ်လည်းထပ်ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကတော့ လတ်တလောအချိန်ထိ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(အန်စီအေ)မှာ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲက တဖွဲ့ဖြစ်ပြီး ဌာနချုပ်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမှာ တည်ရှိပါတယ်။
4 months Ago

August 23, 2020

ဖားကန့်တွင် အရွယ်မရောက်သေးသည့် မယားပါသမီးအား အဓမ္မပြုကျင့်မှုဖြင့် ပထွေးဖြစ်သူကို ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးအုပ်စု၊ နမ့်ပါဟုတ်ကျေးရွာမှာ တအိမ်တည်းနေ အရွယ်မရောက်သေးတဲ့ မယားပါသမီးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ ပထွေးဖြစ်သူကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ပထွေးဖြစ်သူ ကျော်နိုင်ဝင်းက အသက် ၁၆ နှစ်ရှိ မယားပါသမီးဖြစ်အား အဓမ္မပြုကျင့်မှု ဖြစ်ခဲ့တာလို့ နမ့်ပါဟုတ်ကျေးရွာတာဝန်ခံ ဦးမောင်မောင်မြင့်က ပြောပါတယ်။ “အဘိုးဖြစ်သူက မခံနိုင်လို့ ကျနော်တို့ဆီ လာတိုင်တာ။ နယ်မြေခံရဲနဲ့ ချက်ချင်း သွားဖမ်းပါတယ်။ မနေ့ကတော့ တာမခံရဲစခန်းမှာ ချုပ်ထားပါတယ်။ မနေ့ကပဲ တာမခံကနေ ဖားကန့်ကို သားအမိနှစ်ယောက် ရဲစခန်းအစီအစဉ်နဲ့ ဆေးစစ်ချက်ယူဖို့ သွားကြတယ်။” မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန တာဝန်ရှိသူတဦးက “မနေ့ကပဲ ဖားကန့်ကို ရောက်လာကြပြီး ဆေးစစ်ချက်ယူပါတယ်။ ကျူးလွန်သူကတော့ ဖားကန့်အချုပ်ခန်းထဲမှာပါ” လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၇ လလောက်ကစတင်ပြီး မိခင်ဖြစ်သူမရှိချိန် ပြန်ပြောပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ သိရပါတယ်။ အဘိုးဖြစ်သူက ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ တရားလိုပြုလုပ်ကာ တာမခံရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီး ကိုကျော်နိုင်အား နမစမှူး (တာမခန်) ရဲအုပ်သောင်းမင်းထွန်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဩဂုတ် ၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဝှေခါ လခူးချောင်ဘက်မှာ ပထွေးဖြစ်သူက ၇ တန်းကျောင်းသူ မယားပါသမီးအား အဓမ္မပြုကျင့်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုနိုင်ထွန်း
8 months Ago
More News
Up