သက်ကြီးပြုစုရေးအဖွဲ့

October 19, 2018

တရုတ်နိုင်ငံတွင် သက်ကြီးပြုစုရေးအဖွဲ့များ ဝန်ဆောင်မှုတိုးတက်ရန် တိုက်တွန်း

တရုတ်နိုင်ငံတဝန်း သက်ကြီးပြုစုရေး အဖွဲ့တွေရဲ့ လက်တွေ့လုပ်ရပ်တွေနဲ့ ဝန်ဆောင်မှုတွေ တိုးတက်ဖို့ စံချိန်စံညွှန်း အသေးစိတ်ချမှတ်ဖို့ တရုတ်အရပ်ဘက်ရေးရာဝန်ကြီး ဟွမ်ရှုချန်က တိုက်တွန်းလိုက်ပါတယ်။ တရုတ်ပြက္ခဒိန်မှာ ၉ လပိုင်း ၉ ရက်နေ့ ကျရောက်တဲ့ သက်ကြီးပူဇော်ပွဲ ချုံးယန်ပွဲတော်ကို ကျင်းပနေချိန်မှာ ဝန်ကြီးက ကြေညာချက် ထုတ်လိုက်တာပါ။ မနှစ် နိုဝင်ဘာလမှာ စံချိန်သတ်မှတ်ချက် မူကြမ်းအပေါ် ပြည်သူတွေက ထင်မြင်ချက်ပေးဖို့ တရုတ်အစိုးရက တောင်းခံခဲ့ပါတယ်။ နောက်တလကြာမှာ မူကြမ်းကို ထုတ်ပြန်ခဲ့တာပါ။ ဒါဟာ တရုတ်နိုင်ငံအတွင်း သူနာပြုတာဝန်အတွက် ပထမဆုံး စံချိန်စံညွှန်း ဖြစ်လာပါတယ်။ စံချိန်စံညွှန်းတွေထဲမှာ ဘိုးဘွားရိပ်သာအတွင်း တယ်လီကွန်း ဆက်သွယ်ရေး ဝန်ဆောင်မှုပေးဖို့၊ ဖုန်းနဲ့ အင်တာနက်သုံးစွဲမှု မကန့်သတ်ဖို့နဲ့ ဘိုးဘွားတွေက တယ်လီကွန်သုံးစွဲမှု အခက်အခဲရှိခဲ့ရင် ပညာရှင်ဝန်ထမ်းတွေက ကူညီဖို့၊ ဝန်ထမ်းတွေက ဘိုးဘွားတွေကို ယဉ်ကျေးသိမ်မွေ့မှုရှိရှိ ဆက်ဆံဖို့နဲ့ သည်းခံဖို့၊ နေထိုင်သူတွေနဲ့ ဧည့်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို နှုတ်လုံဖို့ စတာတွေ ပါပါတယ်။ တရုတ်နိုင်ငံအတွင်း ဘိုးဘွားရိပ်သာ အရေအတွက်ဟာ ငါးနှစ်အတွင်း ၃ ဆ တိုးခဲ့တယ်လို့ အရပ်ဘက်ဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံမှာ ၂ဝ၁၇ စက်တင်ဘာလ စာရင်းအရ ဘိုးဘွားရိပ်သာဖွင့်တဲ့ အဖွဲ့အစည်းပေါင်း တသိန်းလေးသောင်းခွဲနီးပါးရှိပြီး ၂ဝ၁၂ ကထက် ၂၂၆ ရာခိုင်နှုန်း ပိုတိုးခဲ့တာပါ။ ၂ဝ၁၆ နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအတွင်း အသက် ၆ဝ အထက် နိုင်ငံသား သန်း ၂၃ဝ ရှိပြီး လူဦးရေ စုစုပေါင်းရဲ့ ၆ ဒသမ ၇ ရာခိုင်နှုန်း ရှိနေတယ်လို့ စီစီတီဗွီ သတင်းဌာနက အစီရင်ခံပါတယ်။
3 years Ago
Up