သက်စုအောင်

June 27, 2015

ဦးစံဖေ (ဆောင်းပါး)

“နာမည်လေးက မစီမာ စားကြည့်မှ အရသာ ရှိတယ် အာခံတွင်း ရှင်းတယ် ဆီးမဆလာ၊ ဆီးမလိုင်၊ ဆီးငံပြား၊ မရမ်းချို ၊ သရက်ချို ၊ ဆီးပေါင်း ကြုံတုန်း ၀ယ်ထား၊ ရောက်တုန်း ၀ယ်ထား၊ ရတုန်း ၀ယ်ထား” ဒီအသံဟာ မန္တလေးမြို့ ဈေးတနေရာမှာ အသက် ၇၀ အရွယ် ဦးစံဖေ အထမ်းလေးနဲ့ မစီမာအချဉ်ပေါင်း လှည့်လည်ရောင်းနေတဲ့ အသံပါ။ ဦးစံဖေရဲ့အသံ အဆုံးမှာတော့ လူတချို့က တိုးဝှေ့ပြီး အချဉ်ပေါင်း ၀ယ်နေကြတာ ဦးစံဖေတယောက် လက်မလည်။ ဦးစံဖေက မန္တလေးမြို့မှာ နှစ်ပေါင်း ၄၀ ကျော်တိုင် လက်ရှိအချိန်ထိ အောင်မြင်မှု ရရှိနေတဲ့ မစီမာ အချဉ်ပေါင်းရဲ့ တဦးတည်းသော အရောင်းကိုယ်စားလှယ်တော်ကြီးပါ။ 11657454_10204475198902599_649161973_nအချဉ်ပေါင်းတထုပ် ၅ ပြားခေတ်ကနေ ယခု ၅၀ ကျပ်ထိ မန္တလေးမြို့မှာ အထမ်းနဲ့လှည့်ပြီး မစီမာအချဉ်ပေါင်းကို တဆင့်ပြန်ရောင်းတဲ့ ဦးစံဖေ။ အချိန်တွေ တရွေ့ရွေ့ပြောင်းလဲ အသက်အရွယ် တဖြည်းဖြည်း ပြောင်းလဲလာပေမယ့် ဦးစံဖေကတော့ အသက် ၄၀ ကျော်ကနေ ယခုအသက်အရွယ် အသက် ၇၀ ထိ အထမ်းလေးထမ်းပြီး ပျော်ပျော်ကြီး အချဉ်ပေါင်းရောင်းနေတာပါ။ ရောင်းသက်ကတော့ နှစ် ၃၀ ကျော်ရှိနေပါပြီ။ “ပထမက သစ်စက်မှာလုပ်တာ။ လုပ်ရင်း၊ ဈေးရောင်းရင်း အဲဒီကနေ စဖြစ်သွားတာ။ စားတဲ့သူက မစီမာမှ ကြိုက်တာ။ ပထမဦးဆုံးက ပြည်ကျော်ဈေးအနောက်ဘက်က စိန်ပန်းခိုင် (အချဉ်ပေါင်း)၊ စိန်ပန်းခိုင်က မရှိတော့ မစီမာ နာမည်ကြီးသွားတာပဲ။ မစီမာ အသည်းစွဲသွားကြတာပဲ။” လို့ ဦးစံဖေက ပြောတယ်။ ဦးစံဖေက မုဆိုးဖို၊ လက်ရှိမှာ တကိုယ်တည်းသမား။ ဦးစံဖေထက် အသက် ၅ နှစ်ကြီးတဲ့ ဦးစံဖေရဲ့ အိမ်သူသက်ထားက လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က လေးဘက်နာရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။ ဦးစံဖေတို့ လင်မယားဟာ သား၊ သမီး ၂ ယောက် ထွန်းကားခဲ့ပေမယ့်လည်း ကလေးနှစ်ယောက်လုံး ၄ လသားအရွယ်မှာပဲ ဆုံးပါးခဲ့ပြန်တယ်။ မွေးချင်း ညီမတယောက် ရှိပေမယ့် ညီမက တမြို့တရွာမှာ နေထိုင်တယ်။ ဦးစံဖေကတော့ မန္တလေးမှာပဲ အိမ်ငှားနေပြီး တယောက်တည်း ဘ၀ကို ရုန်းကန်ဖြတ်သန်းနေတယ်။ “နှမက ပခုက္ကူမှာ နေတယ်။ သားသမီးနှစ်ယောက်လုံးက ၈၈ အရေးအခင်း မဖြစ်ခင်ကတည်းက ဆုံးသွားတယ်။ မိန်းမဆုံးတာလည်း ၁၀ နှစ်တောင် ရှိသွားပြီထင်တယ်။ တယောက်တည်းပဲ။ အိမ်ငှားနဲ့ သင်ပန်းကုန်းမြို့သစ်မှာ နေတယ်။” လို့ ဦးစံဖေက ပြောတယ်။ ဦးစံဖေက အချဉ်ပေါင်းရောင်းတာ ၁ ပတ်မှာ ဥပုသ်နေ့ ၁ ရက်ပဲနားပြီး ကျန်တဲ့ရက်တွေမှာ မန္တလေးမြို့က ဈေးအနှံ့ကို ၁ ရက် ၁ ဈေး လှည့်လည်ရောင်းတယ်။ တနေရာတည်းကို နေ့တိုင်းရောင်းနေရင် မစီမာ အချဉ်ပေါင်းကို ရိုးသွား၊ မုန်းသွားမှာ စိုးရိမ်တယ်လို့ ဆိုတယ်။ သူက တခါတလေ စစ်ကိုင်းမြို့မဈေးအထိ ရောက်တယ်။ ဦးစံဖေ ဈေးတွေကိုရောက်လို့ မစီမာအချဉ်ပေါင်းကို ၂ ကြိမ်လောက် အော်ပြီး ကြော်ငြာလိုက်တာနဲ့ ဖောက်သည်တွေ တန်းစီရောက်လာတယ်။ “နေရာက အမျိုးမျိုး လှည့်နေတာ၊ ဘုရားကြီးဈေး၊ စစ်ကိုင်းမြို့မဈေး၊ သိမ်ကြီးဈေး၊ လမ်း ၈၀၊ သရဲဈေးတို့၊ ညောင်ပင်ဈေးတို့ ၀င်္ကပါလှည့်နေတာ။ ဈေးချိုတို့၊ ပိုက်ကျူံး၊ စိန်ပန်း၊ မဟာမြိုင်ဈေး၊ နန်းရှေ့ဈေး။ နေရာက အမှန်မရှိဘူး။ ဟိုပြေးလိုက်၊ ဒီပြေးလိုက်၊ ဒီနေရာ ခဏခဏ သွားရောင်းရင် စားတဲ့သူက မုန်းသွားလိမ့်မယ်။ အဲဒါကြောင့် အမြဲလှည့်ပတ်ရောင်းရတာ အနည်းဆုံး ၄ ရက်ခြား၊ ၅ ရက်ခြား ရောင်းမှ။ ဒီနေ့တခေါက်၊ မနက်ဖြန်တခေါက် သွားရင် စားမယ့်သူက အစားနည်းသွားနိုင်တယ်။” လို့ ဦးစံဖေက ပြောတယ်။ ဦးစံဖေတယောက် မစီမာ အချဉ်ပေါင်းထုပ်တွေ ထည့်ထားတဲ့ လက်ဆွဲခြင်း ၂ ခြင်းကို ထမ်းပိုးနဲ့ ပခုံးပေါ်မှာ နေ့စဉ်ထမ်းပြီး သယ်ရတဲ့ အလေးချိန်ကလည်း မသေးပါဘူး။ ခြင်းတဘက်မှာ အချဉ်ပေါင်းထုပ်ရေ ၅၀၀ ကျော်ကိုထည့်ပြီး ခြင်း၂ ခြင်း၊ အချဉ်ပေါင်း အထုပ်ရေ ၁၀၀၀ ကျော်ကို နေ့စဉ်ထမ်းပိုး လှည့်လည်ရောင်းရတာ သက်သာလှတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဦးစံဖေကတော့ ဒီအလုပ်ကို လုပ်ရတာ ပျော်တယ်လို့ ဆိုတယ်။ “မရမ်းပြားက ၀ိတ်ပေါ့တယ်။ ဆီးပေါင်းတွေက ၀ိတ်ပါတယ်။ နားရင်တော့ ဒဏ်ပေါ်ရင်ပေါ်မှာပဲ။ အခုတော့ ဒဏ်က မပေါ်သေးဘူး။ ဘယ်ဘက်က ထမ်းတာများတယ်။ ညာဘက်က ထမ်းတာနည်းတယ်။” လို့ ဦးစံဖေ ပြောတယ်။ ဦးစံဖေ ခန္ဓာကိုယ်ပေါ်မှာ ထူးထူးခြားခြား သတိထားမိတာက ပခုံးကျော်ကျော်လောက် အရှည်ရှိပြီး ကြာဇံတွေလို ဖြူစွတ်နေတဲ့ ဆံပင်တွေပါ။ အဲဒီလို ဆံပင်ရှည်ထားရတဲ့ အကြောင်းအရင်းကလည်း အခု အချဉ်ပေါင်းရောင်းတာနဲ့ ဆက်စပ်မှုရှိနေတယ်။ အဲဒီအကြောင်းကို သိသွားရင် သင်ပြုံးမိသွားပါလိမ့်မယ်။ “အကိုကြီးတို့၊ အဘတို့ ဘယ်သူမှ မခေါ်ကြဘူး။ အဘကိုတွေ့ရင် မစီမာလို့ပဲ ခေါ်ကြတယ်။ မစီမာလို့ ခေါ်တာနဲ့ လိုက်အောင် ဆံပင်အရှည် ထားလိုက်တာ။ ဒါတောင် တခါကိုက်ပြီးပြီ။ အခု အဲလိုပြောရတာတောင် ရှက်လာပြီ။ အသက်ကြီးမှန်းတော့ သိတယ်လေ။ အချဉ်ပေါင်းရောင်းတာ မနားသေးတော့ ဆံပင်မကိုက်ဘူးလေ။ အခုကတော့ မစီမာလာပြီ။ ဆံရှည်လာပြီလို့ခေါ်ကြတာ၊ နာမည်အရင်း မသိကြဘူး။” “ဈေးရောင်းနားပြီ ဆိုရင်တော့ အရင်ပုံအတိုင်းပဲ ညွှန့်ဝင်းဆံပင်ကေလေးပဲ ပြန်ထားတော့မယ်” လို့ ဦးစံဖေက သူ့ဆံပင်ရှည်ကိုကိုင်ပြီး ဟက်ဟက်ပက်ပက် ရယ်ပြီးပြောတယ်။ ဦးစံဖေရဲ့ တနေ့တာ ဖြတ်သန်းမှုပုံစံက ရိုးရှင်းတယ်။ မနက် ၆ နာရီဝန်းကျင် အိပ်ယာက ထပြီး လ္ဘက်ရည်ဆိုင် ထိုင်တယ်။ ပြီးရင် အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ အဖွားမစီမာတို့အိမ်မှာ သူတနေ့တာရောင်းမယ့် အချဉ်ပေါင်းထုပ်တွေ သွားယူတယ်။ အဲဒီအိမ်ကတဆင့် သူရောင်းရမယ့် ဈေးကိုသွားတယ်။ သူ့အချဉ်ပေါင်းရောင်းတဲ့အချိန် သတ်မှတ်ထားတယ်။ ဘယ်လောက်ရောင်းရ ရောင်းရ သူသတ်မှတ်ထားတဲ့ အချိန်ရောက်ရင် လောဘသတ်ပြီး အိမ်ပြန်တယ်။ “အချိန်ပြည့်ပြီဆိုရင် ပြန်တာပဲ။ အချိန်က နေ့လည် ၁၂ နာရီခွဲ ၁ နာရီ၊ ဈေးရောင်းပြန်သွားရင် ဘာမှ မလုပ်တော့ဘူး။ တင်ပလ္လင်ချိတ်ပြီး အိမ်မှာ ဇိမ်နဲ့နား။ ကျနော့်အတွက်က ဒါပဲ။” လို့ ဦးစံဖေက ပြောတယ်။ သူက စာသားအမျိုးမျိုးနဲ့ စားချင်လာအောင် ကြော်ငြာပြီး ရောင်းတတ်တဲ့အတွက် သူ့ကို အခြားအချဉ်ပေါင်းတံဆိပ်အချို့နဲ့ လျက်ဆားတို့ ရောင်းပေးဖို့ ကမ်းလှမ်းလာတာမျိုး ရှိပေမယ့်လည်း မစီမာ အချဉ်ပေါင်းနဲ့ အဖွားမစီမာတို့ မိသားစုပေါ်မှာ သံယောဇဉ်ရှိနေတဲ့အတွက် ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တယ်။ “တခြားတံဆိပ်တွေကလည်း ရောင်းခိုင်းတယ်။ ကျနော်က ပြောတတ်ဆိုတတ်တာကိုး။ အဲလို ခိုင်းတဲ့သူရှိတယ်။ ကျနော် မစီမာကို ခွဲလို့မရဘူး၊ ကျနော်က သံယောဇဉ်တွယ်နေတော့ မိသားစုလို ဖြစ်သွားတာပေါ့။ မစီမာအချဉ်ပေါင်းက သန့်ရှင်းတယ်၊ ဆိုးဆေးမပါဘူး၊ သဘာဝအသီးကို ဒီအတိုင်းလုပ်ထားတာ။ ပြောရင် ကြွားရာကျမှာကြောင့်မို့။ အသန့်ရှင်းဆုံးပဲ။ စားတဲ့သူလည်းသိတယ်။ ကျနော်တယောက်ပဲ အာမခံယူ ရောင်းရတာ။” လို့ မစီမာအချဉ်ပေါင်း ရောင်းနေရတာကို ဂုဏ်ယူစွာနဲ့ ပြောတယ်။ ဦးစံဖေက မစီမာအချဉ်ပေါင်းကို ကော်မရှင်နဲ့ ယူရောင်းတာဖြစ်ပြီး သူ့အတွက် တနေ့ကို စားပြီးသောက်ပြီး ကျပ် ၂၀၀၀ လောက်ကျန်တယ်လို့ ဆိုတယ်။ သူ့အတွက် ငွေလိုအပ်တာပဲ ဖြစ်ဖြစ်၊ တစုံတရာ အခက်အခဲရှိတာပဲဖြစ်ဖြစ် အဖွားမစီမာတို့က ကူညီစောင့်ရှောက်ပေးလို့ အခက်အခဲ မရှိပေမယ့်လည်း တခါတလေ ကျန်းမာရေး မကောင်းတဲ့အခါ အနီးကပ် ပြုစုပေးမယ့် အခက်အခဲတွေကို အတူမျှဝေ ခံစားပေးမယ့် မိသားစုဝင်တွေကို တောင့်တမိတယ်လို့ ဆိုတယ်။ “သားသမီးတွေရှိရင် ဒီအချိန် မြေးတွေ၊ မြစ်တွေတောင်ရပြီ။ သားသမီးတွေရှိရင်တော့ အားကိုးရမှာပေါ့။ အခုတော့ ဘယ်သူမှမရှိဘူး။ တယောက်တည်းနေရတာ။ နေမကောင်းတဲ့အခါ သတိရတာပေါ့။ ဒီလိုပဲ ကိုယ့်ဘာသာကိုယ် ကြိတ်မှိတ်နေရတယ်။” လို့ပြောရင်း အဘဦးစံဖေ မျက်ဝန်းထဲမှာ မျက်ရည်တွေ။ မြို့နေရာအနှံ့မှာ အချဉ်ပေါင်း လည်ရောင်းနေတဲ့ အဘဦးစံဖေကို မန္တလေးမြို့ခံအများစုက သိကြတယ်။ တချို့က လမ်းသွားရင်းတွေ့ရင် အဘကို ငွေလှူဒါန်းသွားတာမျိုးတွေလည်း ရှိတယ်။ “တချို့က ကျနော့်ကို လမ်းမှာတွေ့ရင် ခင်လို့လား၊ သနားလို့လား မသိဘူး ၁၀၀၀၊ ၅၀၀၀၊ ၃၀၀၀ ပေးပေးသွားတယ်။ ဆေးဖိုး ပေးလိုပေး၊ ကျနော်လည်း မသိဘူး။ ပေးတာ ယူလိုက်တာပဲ။ ပြန်ဆုတောင်းပေးတယ်။ သာဓုသာဓု အားလုံးကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အဲလိုဆုတောင်းလိုက်ပေးလိုက်တယ်။” လို့ ပြောပြနေတဲ့ ဦးစံဖေရဲ့ အသံတွေက တုန်နေတယ်။ ဦးစံဖေက ပင်ကိုယ်က အရှက်အကြောက်ကြီးပုံရတယ်။ သူ့အကြောင်းတွေ ပြောပြတဲ့အချိန်မှာ ရှက်လိုက်တာလို့ ပြောတာက ၁၀ ကြိမ်ထက် မနည်းဘူး။ ဒါနဲ့ အချဉ်ပေါင်း ရောင်းရင်ရော အော်ရောင်းရတာ မရှက်ဘူးလား အဘလို့ မေးတဲ့အခါမှာတော့ “မရှက်မကြောက်ဆိုတာ အဲ့ဒါပဲ။ ရှက်ကြောက်ရင် ပြန်တော့။ ဒီအတိုင်းပြန်၊ ဘယ်သူမှ ကျွေးမှာ မဟုတ်ဘူး။ အဓိက အပြောလည်း လိုတယ်။ ပါးစပ်က မဆော့ရင် မရဘူး။ ကျနော် အဲလိုပြောမှ စားရတာ။ ရယ်စရာရှိ ရယ် ပြောစရာရှိ ပြော အဲလိုလုပ်ရတာပဲ။ ပျော်ပျော်နေတတ်တယ်။ သူများ မဟုတ်တာ မပြောတတ်ဘူး။ မှန်တာ ပြောတယ်။ မှန်တာ လုပ်တယ်။ ကျနော်အမှားဖြစ်ရင် ကျနော် နောက်ပြန်ဆုတ်လိုက်တာပဲ။” လို့ ဦးစံဖေကပြောတယ်။ ဦးစံဖေရဲ့ ညာဘက်နားက ငယ်စဉ်ကတည်းက အကြားအာရုံ မကောင်းဘူး။ မျက်စိတွေလည်း လက်ရှိမှာ မှုန်ဝါးလာနေပေမယ့် ဦးစံဖေက ဒီအလုပ်ကို နားဖို့ကို အခုချိန်ထိ စိတ်ကူးမရှိသေးပါဘူး။ သူလုပ်နိုင်တဲ့အချိန်ထိ ဒီအလုပ်ကိုပဲ ဆက်လုပ်သွားမယ်လို့ ဆိုတယ်။ “ကျနော် ကျန်းမာရေးကောင်းပြီး သွားလာလှုပ်ရှားနေလို့၊ တချို့က အံ့သြနေကြတာ၊ အခုလို လုပ်နိုင်တာကိုပေါ့။ အခုက မျက်စိက ၀ါးနေပြီဆိုတော့ အခြေအနေက ကြည့်နေရသေးတယ်။ ဘယ်သွားသွား ဘယ်လာလာ သွားလို့တော့ ရသေးတယ်။ ဘယ်နေ့နားမယ် သတ်မှတ်ထားတာ မရှိသေးဘူး။ အခုတော့ မနားသေးဘူး။” လို့ ဦးစံဖေကပြောတယ်။ ဦးစံဖေလက်မှာ ပတ်ထားတဲ့နာရီကို တချက်ကြည့်လိုက်တယ်။ အချိန်က နေ့လယ် ၁၂ နာရီခွဲ။ အချဉ်ပေါင်းရောင်းပြီး အပြန်မှာ ၀င်နေကျ အဖွားမစီမာအိမ်ကိုဝင် ခရီးတထောက်နားရင်း အဖွားမစီမာ တိုက်တဲ့ ရေနွေးကြမ်းနဲ့ ငှက်ပျောသီးကို စားအပြီး သူနားနေရာ ကြိုသူမရှိတဲ့ အိမ်လေးဆီသို့ တရွေ့ရွေ့ထွက်ခွာရင်း…..။ သက်စုအောင် (၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်နေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်မှ ကူးယူဖော်ပြသည်။)
6 years Ago

June 16, 2015

ကွင်းပျောက်နေတဲ့ ကြယ်ပွင့်များ (ဆောင်းပါး)

အသက် ၁၀ နှစ်အရွယ် ကောင်လေးတယောက် ဘောလုံးတလုံးကို ဘယ်ဘက်ခြေဖမိုး ခြေဖျားပေါ်ကနေ ညာဘက်ခြေဖမိုး ခြေဖျားပေါ် မြှောက်တင်လိုက်၊ ညာဘက်ခြေဖမိုး ခြေဖျားပေါ်ကနေ ဘယ်ဘက်ခြေဖမိုး ခြေဖျားပေါ် မြှောက်တင်လိုက်နဲ့ ဘောလုံးအောက်ကို ကျမသွားအောင် ဘောလုံးကို “တော့” ကစားနေတာ အကြိမ်ရေက ၁ ထောင်ကျော်နေပါပြီ။ ဘောလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆော့ကစားနိုင်ဖို့ အခြေခံလေ့ကျင့်ရတဲ့ ခြေဖျားနဲ့ ဘောလုံး “တော့” ပြီး လေ့ကျင့်နည်းကို ဘောလုံးကစားနေကြ လူကြီးတယောက်တောင် တခါတည်း အကြိမ်ရေ ရာဂဏန်းရဖို့ဆိုတာ မလွယ်ကူပါဘူး။ အရပ် ၄ ပေ ၃ လက်မရှိတဲ့ ခန္ဓာကိုယ် ပိန်ပိန်သွယ်သွယ်နဲ့ ၁၀ နှစ်အရွယ် ကလေးတယောက်က ဘောလုံး “တော့” ကစားတဲ့ အကြိမ်ရေ ၁၆၀၀ ကျော် ရောက်တဲ့ထိ မောပန်းပုံမပေါ်ဘဲ ကစားနေဟန်က ပေါ့ပေါ့ပါးပါး။ အသက်အရွယ်နဲ့မလိုက် ဘောလုံးကို ခြေခွင်နဲ့ ခတ်လိုက်၊ ဒူးခေါင်းနဲ့ တိုက်လိုက်၊ ဦးခေါင်းနဲ့ တော့လိုက် ကစားနေတဲ့ဟန်က မြန်မာနိုင်ငံ အနာဂတ် ဘောလုံးလောကအတွက် ဘောလုံးပါရမီရှင် တဦးအလား။ 1560573_1729092877318045_6258593189983905337_nသူရိန်ထွန်းလို့ခေါ်တဲ့ ၁၀ နှစ်အရွယ် ဘောလုံးအားကစားဝါသနာရှင်ကလေးဟာ မန္တလေးသားတဦးဖြစ်တယ်။ ဘောလုံးအားကစားကို အသက် ၃ နှစ် အရွယ်ကစ ရူးသွပ်သူဖြစ်ပြီး အသက် ၇ နှစ်အရွယ်မှာ ဘောလုံးအားကစားကို ပရောဖက်ရှင်နယ် ဘောလုံးအားကစား သင်တန်းတခုမှာ စနစ်တကျ စတင်လေ့ကျင့် ကစားခဲ့သူ။ သူ့ကိုသိတဲ့ ရွယ်တူကလေးတွေနဲ့ လူကြီးတွေကတော့ ချစ်စနိုးနဲ့ “ဒိုလေး” လို့လည်း ခေါ်ကြတယ်။ သူဟာ မြန်မာလက်ရွေးစင် ဘောလုံးသမားတဦးဖြစ်ဖို့နဲ့ နိုင်ငံခြားအထိ ကြေးစားဘောလုံးသမားတဦးအဖြစ် သွားရောက်ကစားနိုင်ဖို့ထိ ရည်ရွယ်ချက်ကြီးမားသူ။ ဘောလုံးအားကစားကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရူးသွပ်တာ ဒိုလေးလို့ ခေါ်တဲ့ သူရိန်ထွန်း တယောက်တည်းတော့မဟုတ်။ သူနဲ့အတူတူ ညနေတိုင်း လေ့ကျင့်ကစားနေတဲ့သူ ဆယ်ကျော်သက်အရွယ် ယောက်ျားလေး ၃ ဦးနဲ့ အသက် ၂၀ အရွယ် မိန်းကလေးတဦးတို့လည်း အပါအ၀င်ပါ။ သူတို့ ၅ ဦးက ဘောလုံးအားကစားကို ရူးသွပ်ကြတဲ့ အနာဂတ်အတွက် ဘောလုံးပါရမီရှင်လေးတွေ။ “သားကိုယ်တိုင် ၀ါသနာပါလို့၊ ငယ်ငယ်ကတည်းက ဘောလုံးတွေဝယ်တယ်၊ ဘောလုံးကန်တဲ့ ဖိနပ်တွေဝယ်တယ်၊ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်တယ်။ ကြီးလာရင် မြန်မာ့လက်ရွေးစင်တယောက် ဖြစ်အောင်လုပ်မယ်။ နိုင်ငံခြားထွက်ပြီး သွားကန်မယ်။ အခုလက်ရှိ ကန်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ ၂၀ ထဲက ကိုသန်းပိုင်ကို ကြိုက်တယ်။ နိုင်ငံခြား ကလပ်အသင်းတွေ အာစင်နယ်အသင်းကို ကြိုက်တယ်။” လို့ သူရိန်ထွန်းကပြောတယ်။ မြန်မာနိုင်ငံ အနာဂတ် ဘောလုံးလောကအတွက် အောင်မြင်တဲ့ ဘောလုံးအားကစားသမားတွေ တောက်လျှောက် ထွက်ပေါ်လာဖို့ အခုလို ၀ါသနာရှင်ကလေးတွေကို ငယ်ရွယ်စဉ်ကတည်း ပြုစုပျိုးထောင်ပေးဖို့ လိုအပ်နေပါတယ်။ လက်ရှိအချိန်မှာ ဒိုလေးတို့လို အပြင်က ဘောလုံးဝါသနာရှင် ကလေးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲက မန္တလေးမှာ ဘောလုံးလေ့ကျင့်ကစားဖို့အတွက် အများပြည်သူ ကစားလို့ရတဲ့ ဘောလုံးကွင်းတွေ ရှားပါးလာတာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ဒိုလေးတို့လို ဘောလုံးအားကစားကို ရူးသွပ်တဲ့ ကလေးတွေက သူတို့ရဲ့ အားလပ်ချိန်လေးမှာ ဘောလုံးကစားနည်းကို နည်းပြဆရာနဲ့ စနစ်တကျသင်ပြီး ဘောလုံးကွင်း အတည်တကျမရှိဘဲ ရှိတဲ့နေရာမှာ ဖြစ်သလို လေ့ကျင့်နေကြရတာ ဖြစ်ပါတယ်။ 10403384_1729092807318052_60987852849270843_nညနေ ၄ နာရီခွဲကနေ ညနေ ၆ နာရီထိက ဒိုလေးတို့ သူငယ်ချင်းတစု နေ့စဉ် ဘောလုံး လေ့ကျင့်ကြပါတယ်။ သူတို့ကို လေ့ကျင့်ပေးနေတဲ့ ဆရာက ၁၉၇၀ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်ထိ အိုလံပစ်ဖလား၊ မာဒေးကားဖလားတို့မှာ ၀င်ရောက်ကစားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းကြီး ဦးခင်မောင်လေး။ သူတို့တွေ လေ့ကျင့်နေတဲ့ နေရာက မန္တလေးမြို့က ၀န်ကြီးဌာနတခုပိုင် မြက်ခင်းစိမ်းစိမ်းနဲ့ ဘောလုံးကွင်းကြီး ၂ ခုရဲ့ကြားက မြေကွက်လပ် နေရာလေးတခုမှာ။ “ရပ်ကွက်ဘောလုံးကွင်းတွေလည်း မရှိတော့ဘူး။ အရင်က နာမည်ကြီးခဲ့တဲ့ ကွင်းတွေလည်း မရှိတော့ဘူး။ အခု ဒီနေရာလေးတောင် လုပ်ပါရစေဆိုပြီး ခွင့်တောင်းလို့ နားလည်မှုနဲ့ လုပ်ရတာ။ ရှိတဲ့ကွင်းတွေကျေတာ့လည်း လူကြီးလာရင်ပြဖို့ပဲ။ လူကြီးလာကြည့်ရင် မြက်တွေစိမ်းလန်းနေဖို့ပဲ။ တကယ်တမ်း ကလေးတွေ သင်တန်းလုပ်နေမယ်၊ ကစားနေမယ်ဆိုရင် မြက်စိမ်းဖို့က အဓိက မဟုတ်ဘူး။ ကလေးတွေ ပြည့်နေဖို့ကအဓိက။” လို့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းကြီး ဦးခင်မောင်လေးက ပြောပါတယ်။ မန္တလေးမြို့က ဘောလုံကွင်းအချို့ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ၇၀ ရာခိုင်နှုန်းနီးပါးလောက် တဖြည်းဖြည်း ပျောက်ကွယ်ခဲ့တယ်။ ၁၉၈၈ မတိုင်ခင်က မန္တလေးမြို့မှာ ဘောလုံးကွင်းတွေ အမြောက်အမြား ရှိခဲ့တယ်။ မြောက်ပြင်အရပ်က ယခုအခါ ဈေးလုပ်ထားတဲ့ ဆရာစံကွင်း၊ တမ္ပ၀တီရပ်ကွက်မှာရှိပြီး လျှပ်စစ်ဌာနက အသုံးပြုနေတဲ့ သခင်ဖိုးလှကြီးကွင်း၊ လက်ရှိ ရေပေးဝေရေးစက်ရုံ တည်ဆောက်ထားတဲ့ မလွန်ကွင်း၊ မန္တလေးတောင်ခြေမှာရှိတဲ့ မြရတနာကွင်းတွေဟာ ပြိုင်ပွဲတွေ ကျင်းပခဲ့တဲ့ ဘောလုံးကွင်းတွေဖြစ်ပြီး ထူးချွန်တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမား အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ မန္တလေးတိုင်း ပဏာမ ဘောလုံးလက်ရွေးစင်ဖြစ်ခဲ့သူ ဦးငြိမ်းချမ်း (စာရေးဆရာ ညီပုလေး) ကဆိုတယ်။ 10527497_1729092857318047_7149397935629751783_n“ကိုယ့်ရဲ့ကလေးတွေကို ဘောလုံးကွင်းထဲမှာပဲ ကန်စေချင်တယ်။ လမ်းပေါ်မှာ မကန်စေချင်ဘူး။ ကျနော်က သား အခုလို ဘောလုံး အားကစားဝါသနာ ပါတာကို အားပေးတယ်။ ဒါဆို ကျန်တဲ့ မူးယစ်ဆေးဝါးတို့မှာ စိတ်မရောက်တော့ဘူး။ ကလေးတွေ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ကျတော်တို့ တတ်နိုင်သလောက် အားကစားဝတ်စုံ လိုသလား၊ ဖိနပ်လိုသလား၊ တတ်နိုင်သလောက် ပံ့ပိုးပေးတယ်။” လို့ သူရိန်ထွန်း (ခေါ်) ဒိုလေးရဲ့ ဖခင် ကိုမျိုးကျော်က ပြောတယ်။ အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာသိပံ္ပက ဘောလုံးဝါသနာပါတဲ့ အနယ်နယ်အရပ်ရပ်က ကလေးတွေကို အသက်အပိုင်းအခြားအလိုက် နှစ်စဉ်ရွေးချယ်ပြီး ဘောလုံးအားကစားသမား မျိုးဆက်ကို မြေတောင်မြှောက်ပေးနေပေမယ့်လည်း ဘဏ္ဍာငွေ အခြေအနေအရ လက်ခံသင်ကြားပေးနိုင်တဲ့ အရေအတွက်က နည်းတယ်။ ရွေးချယ်မခံရတဲ့ ကလေးတွေနဲ့ ရပ်ကွက်ထဲမှာ ဘောလုံးအားကစားကို ၀ါသနာပါတဲ့ ကလေးတွေကို တဘက်တလမ်းကနေ ထူးချွန်တဲ့ ဘောလုံးသမားတွေ ဖြစ်လာဖို့ နည်းစနစ်ကျကျ သင်ပေးပြီး မြေတောင်မြှောက်ပေးမယ့် အဓိက မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းကြီးတွေက အဆင်သင့်ရှိနေပေမယ့် အခက်အခဲက လေ့ကျင့်သင်ကြားပေးဖို့ အားကစားကွင်း သတ်သတ်မှတ်မှတ် မရှိတာပါဘဲ။ ဘောလုံးဝါသနာရှင် ကလေးတွေအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် ဘောလုံးအားကစားကွင်းတွေကို အကောင်အထည် ဖော်ပေးဖို့ လိုအပ်နေပြီး လက်ရှိ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ အကောင်အထည် မဖော်နိုင်သေးရင်တောင် အားကစားဝန်ကြီးဌာနပိုင် လေ့ကျင့်ရေးကွင်းတခုကို ဘောလုံးဝါသနာရှင် ကလေးတွေ လေ့ကျင့်ကစားတာ လုပ်နိုင်ဖို့ ခွင့်ပြုပေးမယ်ဆိုရင် အဆင်ပြေနိုင်တယ်လို့ ဦးခင်မောင်လေးက ဆိုတယ်။ “အားကာမှာ လေ့ကျင့်ကွင်းတွေ ရှိတယ်။ အဲဒီကွင်းထဲက တကွင်းကွင်းလောက် ရမယ်ဆိုရင်ကို အဆင်ပြေတယ်။ လေ့ကျင့်ရေးကွင်းတွေ အများကြီးရှိပေမယ့် ဒီအတိုင်းပဲ အလှကြည့်ထားတယ်။” လို့ ဦးခင်မောင်လေးက ပြောတယ်။ အများပြည်သူ လေ့ကျင့်ဖို့ ဘောလုံးကွင်းတွေ ကွယ်ပျောက်လာတာ၊ ကလေးအများစုဟာ တနေကုန်၊ တနှစ်ပတ်လုံး ကျူရှင်နဲ့ ကျောင်း အချိန်ကုန်နေကြတာတွေဟာ ဘောလုံးအားကစားကို စိတ်ဝင်စားတဲ့၊ ငယ်ရွယ်တဲ့ မျိုးဆက်လည်း အရင်ခေတ်တွေကနဲ့ နှိုင်းယှဉ်ရင် တဖြည်းဖြည်း နည်းလာတယ်လို့ ဦးခင်မောင်လေးက သူ့အမြင်ကိုပြောတယ်။ မန္တလေးဟာ အဆက်ဆက်မှာ ထူးချွန်တဲ့ ဘောလုံးအားကစားသမား အများအပြား ပေါ်ထွက်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ မန္တလေးမြို့ပေါ်ထက် နယ်ဘက်တွေကသာ ပေါ်ထွက်လာတတ်ကြပြီး မြို့ပေါ်နေထိုင်ကြတဲ့ ကလေးတွေထဲက ထူးချွန်တဲ့ ဘောလုံးအားကစားသမား ပေါ်ထွက်တာမျိုး မရှိသလောက် ဖြစ်လာပါတယ်။ မန္တလေးမြို့မှာ နေထိုင်ပြီး ကိုယ်တိုင်လည်း ဘောလုံးအားကစားကို ၀ါသနာပါသူ၊ ဘောလုံးကစားချင်တဲ့ ကလေးတွေ တွေ့ရင်လည်း ပံ့ပိုးကူညီနေသူဖြစ်တဲ့ ဦးသုခက… 11427168_1729092853984714_5126102187996181923_n“ဘောလုံးဝါသနာပါသူ ဘယ်လောက်အထိ ရှားလဲဆိုရင် လမ်းမှာ ဘောလုံးကန်တဲ့ ကလေးတွေ လိုက်မှတ်ထားတယ်။ ဘယ်သူတွေကန်တယ်။ နောက်နေ့ သူတို့ကို ကားပေါ်တင်ပြီး အားကစားပစ္စည်းရောင်းတဲ့ဆိုင် ခေါ်သွားပြီးတော့ ဖိနပ်တွေဝယ်၊ အင်္ကျီတွေ ၀ယ်ပေးတယ်။ ကားတွေနဲ့ ကြိုပို့ပေးတယ်။ နောက်ဆုံးတယောက်ချင်း ပျောက်သွားတာ ဘယ်သူမှ မရှိတော့ဘူး။” လို့ သူကြုံတွေ့ရတာကို ပြောပြတယ်။ အခုလို အခက်အခဲအချို့ ရှိနေပေမယ့်လည်း အဆိုးထဲက အကောင်းအနေနဲ့ ဘောလုံးကို ရူးသွပ်တဲ့ သူ့တပည့် ဒိုလေးတို့အုပ်စုအပေါ်မှာ ဦးခင်မောင်လေးက အများကြီး မျှော်လင့်ထားတယ်။ “ဒီအရွယ်နဲ့ ဒီလောက်ရဖို့ဆိုတာ မလွယ်ဘူး။ အကုန်ဖြစ်နိုင်တဲ့ သူတွေချည်းပဲ။ တခုရှိတာက ဒီအရွယ်ကနေ ကြီးလာတဲ့အရွယ်ထိ ကံတွေလည်း ပါသေးတာကို။ ကြားထဲမှာ အဲဒါတွေတော့ ရှိတာပေါ့။ ဒါပေမယ့် ဒီကလေးတွေကတော့ ပါရမီရှင်တွေပဲ။” လို့ ဦးခင်မောင်လေးက သူ့တပည့်တွေကိုကြည့်ပြီး ပြောတယ်။ မိုးဖွဲဖွဲအောက် ဗွက်ထနေတဲ့ မြေသားပျော့ပျော့ပေါ်မှာ ဘောလုံးကို ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ဒိုလေးတို့ ကလေး ၅ ယောက်။ သူတို့တကိုယ်လုံးမှာ ရွှံ့ဗွက်တွေ ပေကျံလို့။ (ဒီဆောင်းပါးဟာ ၂၀၁၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။)
6 years Ago
Up