ဝေါမြို့နယ်

September 1, 2020

ကိုဗစ်-၁၉ လူနာသစ် ၃၂ ဦးထပ်တွေ့၊ မြန်မာနိုင်ငံ၌ အတည်ပြုလူနာပေါင်း ၉၁၉ ဦးအထိရှိလာ

ကိုဗစ်-၁၉ လူနာသစ် ၃၂ ဦးထပ်မံ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတဝန်းမှာ အတည်ပြုလူနာပေါင်း ၉၁၉ ဦးရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။ လူနာသစ် ၃၂ ဦးကတော့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၂ မြို့နယ်က ၁၅ ဦး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်က ၈ ဦး၊ ပဲခူးတိုင်း ဝေါမြို့နယ်က ၅ ဦးနဲ့ ရခိုင်ပြည်နယ်က ၄ ဦးတို့ဖြစ်ကြပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုတွေပြီးစီးချိန်နဲ့ သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းတာကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ပြုစုနေဆဲဖြစ်ပြီး နောက်မှသာ ထပ်မံထုတ်ပြန်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၇၄၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၀၂ ခု၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ ၂၀၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ စစ်တွေ၊ ကျောက်ဖြူ၊ နေပြည်တော်၊ မြောင်းမြ၊ ဘားအံ၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၇၅၃ ခု အား ဒီနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ်  ၃၂ ဦး တွေ့ရှိရတာပါ။ စက်တင်ဘာ ၁ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၉၁၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  ၃၅၇ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၄၈ ဦးနဲ့  စောင့်ကြည့်လူနာအသစ် ၆၁ ဦးရှိပါတယ်။
10 months Ago

July 6, 2020

ဝေါမြို့နယ်တွင် အလက (ခွဲ) ကျောင်းအုပ်တဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အေးချမ်းသာရပ်ကွက် အလက (ခွဲ) ကျောင်းက ကျောင်းအုပ်ဆရာကြီးရုံးခန်းနဲ့ ကျောင်းအုပ်ဆရာကြီးဆီကနေ WY စိတ်ကြွဆေးပြား ၁၃၀၀ နဲ့ မူးယစ်ဆေးဝါး ICE ၁ ဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးမူးယစ်တပ်ဖွဲ့စု ၃၆ မှ ရဲအရာရှိတဦးက ပြောပါတယ်။ ပထမ မိတာက ဇူလိုင်လ ၅ ရက်နေ့ နေ့လယ် ၃ နာရီ ၀န်းကျင်က ဝေါမြို့အေးချမ်းသာယာ ရပ်ကွက် ဇီဖဝါလမ်းပေါ်မှာ မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေ စောင့်ဆိုင်းနေစဉ် ဝေါမြို့သစ်စက်ရပ်ကွက် တပင်ရွှေထီးလမ်းနေ ဘိုဘိုဇင်(ခ)ဆင်ကြီး ဆိုသူမောင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဘိုဘိုဇင်(ခ) ဆင်ကြီးရဲ့လက်မှာကိုင်လာတဲ့ အအေးစုပ်ပိုက်အတွင်းက WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၈ ပြားကို စတင်မိခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် ဘိုဘိုဇင်(ခ) ဆင်ကြီးကို ဆက်လက်စစ်ဆေးရာက ဒီဆေးပြားတွေကို ဝေါမြို့အေးချမ်းသာရပ်ကွက် အခြေခံအလယ်တန်း ကျောင်း(ခွဲ)ရှိ ကျောင်းအုပ်ဆရာ မောင်မောင်စိုးထံက ၀ယ်ခဲ့တယ်ဆိုပြီး ထွက်ဆိုချက်အရ ကျောင်းအုပ်ကြီးရုံခန်းကို ၀င်ရောက်ရှာဖွေရာ ကျောင်းအုပ် မောင်မောင်စိုးရဲ့ အင်္ကျီအိတ်ကပ်အတွင်းက WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀ ပါ ၁ ထုပ်၊ စားပွဲပေါ်က လက်ဆွဲအိတ်အတွင်းမှာလည်း မူးယစ်ဆေးဝါးတွေ ထပ်မံတွေ့ရှိခဲ့ပြီး စိတ်ကြွဆေးပြားစုစုပေါင်း ၁၃၀၀ နဲ့ မူးယစ်ဆေးဝါး ICE ၁ ဂရမ်ကို ရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။ အခုလို မူးယစ်ဆေးဝါးများ လက်၀ယ်တွေ့ရှိသူ ဘိုဘိုဇင်နဲ့ မူးယစ်ဆေးဝါးတွေ ရောင်းချသူ အလယ်တန်း ကျောင်းအုပ် မောင်မောင်စိုးတို့ ၂ ဦးကို မူးယစ်ဆေးဝါးနှင့် တ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ၁၆(ဂ)/၁၉ က/၂၀(က) တို့ နဲ့ ဝေါမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ အောင်စိုးမိုး
12 months Ago
More News
Up