ဝေလငါးညို

February 16, 2020

ဝေလငါးစောင့်ကြည့်သူများ၏ လှေနား အနီးကပ်ကူးခတ်ခဲ့သည့် ဝေလငါးညို (ရုပ်သံ)

ကယ်လီဖိုးနီးယားတောင်ပိုင်း ကမ်းလွန်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က လှေရဲ့ဘေးနား ကပ်ပြီး ကူးခတ်သွားလာခဲ့တဲ့ ဝေလငါးညိုတကောင်ကြောင့် ဝေလငါးကြည့်သူတွေဟာ မမေ့နိုင်စရာ အတွေ့အကြုံတခုကို ရရှိခဲ့ပါတယ်။  ဝေလငါးစောင့်ကြည့်ရေးကုမ္ပဏီတခုကနေ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုဖိုင်တခုမှာ စပ်စပ်စုစုရှိပြီး အဆော့သန်ပုံရတဲ့ ဝေလငါးတကောင်ဟာ သူတို့ စီးနင်းလာတဲ့ သင်္ဘောရဲ့ဘေးမှာ ကူးခတ်တာနဲ့ ရေပေါ် ပေါ်လာတာတွေကို မြင်တွေ့ရပါတယ်။  “ဒီဝေလငါးက ကျနော်တို့ရဲ့ လှေအုပ်စုကို လာကြည့်ပုံရပါတယ်။ သူဟာ အမြဲတမ်းလိုလို ကျနော်တို့ဘေးကို ရောက်နေပါတယ်။ ဒါ့ကြောင့် သူ လွတ်လွတ်လပ်လပ် ကူးခတ်ဆော့ကစားနိုင်ဖို့ သင်္ဘောကို ရပ်ပစ်လိုက်ရပါတယ်” လို့ ဝေလငါးကြည့်ကုမ္ပဏီ Newport Landing Whale Watching က ပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။  “ဒီဝေလငါးက လှေအနားမှာ ဖြည်းဖြည်းချင်း ခန္ဓာကိုယ်ကို လှည့်တာ၊ ရေပြင်ပေါ် ပေါ်လာလိုက် ရေအောက်ငုပ်သွားလိုက် လုပ်တာနဲ့ ခေါင်းကို ရေပေါ်ဖော်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုတာ စတဲ့အပြုအမူတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ ဝေလငါးတွေအတွက် အလွန်ရှားပါးတဲ့ အမူအကျင့်လည်း ဖြစ်ပါတယ်” လို့ ကုမ္ပဏီက ပြောပါတယ်။
1 year Ago
Up