ဝေလငါး

October 5, 2022

အာဂျင်တီးနားတွင် ဝေလငါး ၁၃ ကောင် သေဆုံး

အာဂျင်တီးနားနိုင်ငံမှာ စက်တင်ဘာလကုန်ပိုင်းကစတင်ပြီး အနည်းဆုံး ဝေလငါး ၁၃ ကောင် သေဆုံးပြီး ပါတာဂိုနီးယား ကမ်းရိုးတန်းတလျှောက် ကမ်းပေါ်လာတင်နေကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၂၄ ရက်ကတည်းက တောင်ပိုင်း-လက်ယာ-ဝေလငါး (ယူဘလိနာ ဩစ်ထရာလိစ်) အများအပြားကို ပါတာဂိုနီးယားဒေသတောင်ပိုင်း ချူဘတ်ထ်ပြည်နယ်ရှိ ကမ်းခြေတွေမှာ တွေ့ရှိခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက်မှာ ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေမှာ နွီးဗိုပင်လယ်ကွေ့ရှိ ပွေတိုမက်ဒရင်န်မြို့မှာ ဝေလငါးတကောင် ကမ်းပေါ်လာတင်တာကို တွေ့ခဲ့ရပါတယ်။

အာဂျင်တီးနားရှိ ဝေလငါးထိန်းသိမ်းစောင့်ရှောက်ရေးဌာနဟာ သေဆုံးသွားတဲ့ ဝေလငါးကို ခွဲစိပ်စစ်ဆေးမှု လုပ်ဆောင်နေပေမဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးပါဘူး။

ဇီဝဗေဒပညာရှင်တွေကတော့ အနီရောင် ဒီရေလို့ ခေါ်တဲ့ ရေညှိပန်းပွင့်တွေမှာ တွေ့ရတဲ့ ဇီဝအဆိပ်ဖြစ်စေတဲ့ အရာတွေကြောင့် သေဆုံးကြတာ ဖြစ်နိုင်ကြောင်း သံသယရှိကြပါတယ်။ ငါးဖမ်းပိုက်တွေကြောင့် ဒဏ်ရာရတာမျိုးလည်း ဝေလငါးဆီမှာ မတွေ့ရဘူးလို့ ဆိုပါတယ်။

2 months Ago

September 22, 2022

သြစတြေးလျတွင် သောင်တင်နေသည့် ဝေလငါး ၂၀၀ နီးပါး သေဆုံး

သြစတြေးလျနိုင်ငံ တက်စ်မေးနီးယားကျွန်း အနောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် သောင်တင်နေတဲ့ ဝေလငါး ၂၀၀ နီးပါးဟာ ညတွင်းချင်း သေဆုံးခဲ့ပြီး ကျန် ၃၅ ကောင်ကို ကယ်ဆယ်ဖို့ စက်တင်ဘာ ၂၂ ရက်က အလျင်စလို လုပ်ဆောင်ခဲ့ပါတယ်။

တက်စ်မေးနီးယားကျွန်းရဲ့ အိုရှန်ကမ်းခြေမှာ ပိုင်းလော့ဝေလငါးကောင်ရေ ၂၃၀ လောက် စက်တင်ဘာ ၂၁ ရက်က သောင်တင်ခဲ့တာပါ။

“နောက်ထပ် နည်းနည်း ဆုံးရှုံးနိုင်တယ်ဆိုတာ မလွဲမသွေပဲလို့ ထင်ပါတယ်။ သူတို့ဟာ တကယ့်ကို စိတ်ဖိစီးမှုများတဲ့နေရာမှာ ရှိနေပါတယ်” လို့ အလုပ်အဖွဲ့မန်နေဂျာ ခရစ် ကာလီယွန်က ပြောပါတယ်။

ကယ်ဆယ်ရေးသမားတွေအတွက် အဓိကစိန်ခေါ်မှုက ၂ ဒသမ ၅ တန်လောက်လေးတဲ့ ဝေလငါးတွေနဲ့အတူ တိရစ္ဆာန်တွေကို ရေထဲပြန်မျောပါနိုင်ဖို့ ချီဆောင်ရတာပါ။

ရေထဲမျှောပြီးတာနဲ့ သူတို့ကို ရေနက်ပိုင်းဆီ လှေနဲ့ရွှေ့ပြီး ပြန်သောင်တင်မယ့် ဖြစ်နိုင်ခြေကို လျှော့ချဖို့ စီစဉ် လွှတ်ပေးခဲ့ရပါတယ်။

တက်စ်မေးနီးယားမှာ အစုလိုက်အပြုံလိုက် သောင်တင်နေတဲ့ ဝေလငါးအငယ် တဒါဇင်ကျော် သေဆုံးပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ ခုလို ဝေလငါးကြီးတွေပါ သောင်တင်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၂ နှစ်က တက်စ်မေးနီးယားကျွန်းမှာ သြစတြေးလျ ခေတ်သစ်သမိုင်းမှာ အကြီးဆုံး အနေနဲ့ ဝေလငါးအကောင်ရေ ၅၀၀ နီးပါး တပြိုင်တည်း သောင်တင်ခဲ့ဖူးပါတယ်။ အာဏာပိုင်တွေက သူတို့ထဲက ဝေလငါးကောင်ရေ ၁၀၀ လောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

3 months Ago
More News
Up