ဝူရှူး

December 12, 2018

အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာ ရွှေ ၈ ခုရရှိ၊ ၆ ခုကို ဝူရှူးအဖွဲ့ ရယူပေး

၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားရုံ၊ အားကစားကွင်း အသီးသီးမှာ ဆက်လက်ယှဉ်ပြိုင်နေပြီး ဒီဇင်ဘာ ၁၁ ရက်အထိ မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ် ၈ ခု ရရှိထားပါတယ်။ တက္ကသိုလ်များ အားကစားပြိုင်ပွဲမှာ မြန်မာဝူရှူးအဖွဲ့ကချည်း ရွှေတံဆိပ် ၆ ခု ရယူပေးထားတာဖြစ်ပြီး ခြင်းလုံးက ရွှေ ၂ ခု ရယူပေးတာ ဖြစ်ပါတယ်။ မြန်မာဝူရှူးအဖွဲ့အတွက် ရွှေတံဆိပ် ၂ ခုကို ဆန်းဆို အမျိုးသမီး ၅၂ ကီလိုတန်းမှာ နီနီအေး၊ အမျိုးသမီး ၅၆ ကီလိုတန်းမှာ နန်းချယ်ရီခမ်းတို့က ရယူခဲ့တာဖြစ်ပါတယ်။ ငွေတံဆိပ်ဆုတွေကိုတော့ အမျိုးသမီး နန်းတောင်းနဲ့ နန်းကွန့် ပြိုင်ပွဲနှစ်ခုပေါင်းကနေ အေးသစ္စာမြင့်၊ အမျိုးသမီး တောင်းစုနဲ့ ကွန့်စုပြိုင်ပွဲနှစ်ခုပေါင်းကနေ ခိုင်ဇင်သက်တို့က ရရှိခဲ့တာပါ။ ကြေးတံဆိပ်ကို အမျိုးသမီး ၄၈ ကီလိုတန်းမှာ ဆောင်းနှင်းထက်၊ အမျိုးသား ၆ဝ ကီလိုတန်းမှာ ဟိန်းသီရိ၊ ၆၅ ကီလိုတန်းမှာ အောင်ကောင်းမြတ်၊ ၇ဝ ကီလိုတန်းမှာ ငြိမ်းငြိမ်းထွန်းတို့က ရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာဝူရှူးအဖွဲ့ဟာ ဒီဇင်ဘာ ၁၁ ရက်အထိ ရွှေ ၆ ခု၊ ငွေ ၃ ခု၊ ကြေး ၄ ခု ရထားပြီး ဒီနေ့မှာ   မြန်မာဝူရှူးအဖွဲ့ နောက်ဆုံးနေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
2 years Ago

November 20, 2018

မျိုးဆက်သစ် လိုအပ်ချက်ကြောင့် မြန်မာ့ဝူရှူးအားကစား အောင်မြင်မှု ကျဆင်းနိုင်

မျိုးဆက်သစ် ကစားသမား လိုအပ်ချက် ရှိနေတာကြောင့် လာမယ့် ၂၀၂၁ ဆီးဂိမ်းရောက်ရင်တော့ အောင်မြင်မှုတွေ အနည်းငယ် ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဝူရှူး ထောက်လုပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနဲ့ ကြေးတံဆိပ်ဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ငြိမ်းချမ်းကိုကိုက ပြောလိုက်ပါတယ်။ မြန်မာဝူရှူးအားကစားအဖွဲ့တွေဟာ နိုင်ငံတကာ အားကစားပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ချိန်တိုင်းမှာ အောင်မြင်မှု ဆုတံဆိပ်တွေ ဆွတ်ခူးပေးနေတဲ့ ကစားနည်း ဖြစ်သလို မြန်မာနိုင်ငံရဲ့ အဓိကထားရတဲ့ အားကစားနည်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ စီနီယာကစားသမားတွေ အနားယူမှာနဲ့ မျိုးဆက်သစ်ကစားသမားတွေ ရှာဖွေနေရဆဲအချိန် ဖြစ်တာကြောင့် လာမယ့်တခုကျော် ဆီးဂိမ်းပြိုင်ပွဲမှာတော့ အောင်မြင်မှုရရှိဖို့ အခက်အခဲ ရှိနိုင်တယ်တို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ မျိုးဆက်သစ်ကစားသမားတွေ ရှာဖွေရမယ့်အချိန်ဟာ ၃ နှစ်လောက် အချိန်ပေးရဦးမှာဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်ကလည်း အခုထက်ပိုပြီး အားပေးထောက်ပံ့မှုတွေ ပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ မြန်မာဝူရှူးအားကစားအဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ကပဲ ကမ္ဘာ့ဝူရှူး ထောက်လုပြိုင်ပွဲကို ကစားသမား ၄ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂  ခု ရရှိခဲ့ပါတယ်။ အနီးဆုံးပြိုင်ပွဲအနေနဲ့ လာမယ့် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံက လက်ခံကျင်းပမယ့် အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
2 years Ago
More News
Up