ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ တရုတ်နိုင်ငံ ဝူဟန်ကို ရောက်လာပြီး သီတင်းပတ် ၂ပတ်ကြာ ရောဂါခြေချုပ်နဲ့ ဟိုတယ်ထဲမှာ နေနေရာက ဇန်နဝါရီ ၂၈ ရက် မှာတော့ စတင် ကွင်းဆင်း စစ်ဆေးဖို့ ထွက်ခွာလာကြပါပြီ။
ဝူဟန်မြို့မှာ ၂၀၁၉ နှောင်းပိုင်းက ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ် ပေါ်ထွက်ခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပါတယ်။
ဟိုတယ်အပြင်မှာ စောင့်နေတဲ့ သတင်းထောက်တွေကို အဝါရောင် အရံအတားတွေနဲ့ ဝင်ပေါက်ကနေ ခွာအောင် တားထားပါတယ်။
ရောဂါခြေချုပ်ကာလအတွင်း ရုပ်သံညီလာခံကတဆင့် အလုပ်လုပ် နေကြတဲ့ စစ်ဆေးရေး အဖွဲ့ကို WHO ပညာရှင် ပီတာ ဘန် အမ်ဘာရတ်ခ်က ဦးဆောင်ပါတယ်။
သူဟာ မျိုးစိတ် တခုကနေ တခုကို ကူးစက်တတ်တဲ့ တိရစ္ဆာန်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီးလေ့လာနေတဲ့ ပါရဂူ တယောက်ပါ။
သူကတော့ တရုတ်နိုင်ငံထဲမှာ နောက်ထပ် သီတင်းပတ် ၂ ပတ် ဆက်နေဖို့ မျှော်လင့်ထားပါတယ်။ ဒီအဖွဲ့ရဲ့ ဝူဟန်မြို့ထဲမှာ စုံစမ်းစစ်ဆေးမှု အသေးစိတ် အချက်အလက်တွေ ကို လူသိထင်ရှား မထုတ်ပြန်သေးပါဘူး။