ဝုဒ်

December 30, 2020

မန်ယူနိုက်တက်က ဝုဒ်ကို (၁-၀) ဂိုးဖြင့်နိုင်ပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လာ

မနေ့ညကကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ဝုဗ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လာခဲ့ပါတယ်။ ဒီပွဲအနိုင်ရတာဟာ  ကံကြမ္မာရဲ့ ဖေးမမှု အနည်းငယ် ပါဝင်ခဲ့တယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဝန်ခံပါတယ်။  ဒါပေမဲ့ အသင်းရဲ့အစဉ်အလာ တစ်ခုဖြစ်တဲ့ နောက်ဆုံးမိနစ်မှာအနိုင်ဂိုး သွင်းယူနိုင်ခဲ့ခြင်း အတွက်လည်း ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။  မားကပ်ရက်ရှ်ဖို့ဒ်ရဲ့ နာကျင်အချိန်ပိုကန်ချက်ဟာ ဝုဗ်နောက်ခံလူနဲ့ထိပြီး လမ်းကြောင်း ပြောင်းကာ ဂိုး ဝင်သွားခဲ့ပါတယ်။  ဒီဂိုးကြောင့်ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားကို  ဦးဆောင်နေတဲ့ လီဗာပူးအသင်း နဲ့ ၂ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။  “ကံကောင်းမှုပါပဲ။ ပွဲပြီးခါနီးမှ ရရှိခဲ့တဲ့ဂိုးတွေကြောင့် အမှတ်ရရှိတာမျိုး များများ စားစားမရှိပါဘူး။ ကျနော်တို့ အရင်တုန်းက ဒီလိုပုံစံမျိုးနဲ့ အနိုင်ရရှိခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါဟာအသင်းအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်ခုစလုံးနဲ့သက်ဆိုင်နေပါတယ်။ နှစ်ခုစလုံး ပိုအားကောင်းလာပါတယ်။ ကျနော်တို့ ခက်ခဲတဲ့ လေ့ကျင့်ခန်းအစီစဉ်တွေ အများကြီးလုပ်ကာ ပွဲတွေ အများကြီးကစားခဲ့ရပြီးနောက် ကစားသမားတွေဟာ အံဝင်သထက်အံဝင်လာပါတယ်” လို့ ဆိုးလ်ရှားကပြောပါတယ်။  ဒီလိုအံဝင်လာလေ လုပ်နိုင်စွမ်းတွေ ပိုမြင့်တက်လာလေဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရလည်း နောက်ဆုံးမှာ နိုင်ကို နိုင်မယ်ဆိုတဲ့ ယုံကြည်မှုကိုဖြစ်စေတယ်လို့ သူကပြောပါတယ်။  ယူနိုက်တက်အသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ဝုဗ်အသင်းနဲ့တွေ့တိုင်း ရုန်းကန်ခဲ့ ရတာကြောင့် နူနိုဆန်းတို့စ်ရဲ့အသင်းကို ပထမဆုံးအဖြစ် လိဂ်ပွဲမှာအနိုင်ရရှိခဲ့တဲ့အပေါ် ဝမ်းမြောက်မိတယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
1 year Ago

December 16, 2020

ချဲလ်ဆီးက ဝုဒ်ကို (၁-၂)ဂိုးဖြင့်  ရှုံးနိမ့်၊  မန်စီးတီးက ဝက်စ်ဘရွန်းနှင့် ၁ ဂိုးစီ သရေကျ

ဒီနေ့ မနက်ပိုင်းက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးက ဝုဗ်အသင်းကို (၁-၂ ) ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။  အဲဗာတန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဝုဗ်အသင်းကို ထပ်ပြီး ရှုံးခဲ့လို့ ချဲလ်ဆီးအသင်း ၂ ပွဲဆက် ရှုံးပွဲတွေ့ခဲ့တာ ဖြစ်ပါတယ်။  ပွဲချိန် ၄၉ မိနစ်မှာ ဂျရူးက ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ဝုဗ်အသင်းက ပွဲချိန် ၆၆ မိနစ်မှာ ပိုဒန့်စ်က ချေပဂိုး၊ ပွဲပြီးခါနီးမှာ ပတ်ဒရိုနက်တို့က အနိုင်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်အတွက်တော့ ၂ ပွဲဆက် ရှုံးပွဲတွေ့ခဲ့ပြီးနောက် နိုင်ပွဲပြန်လည်ရရှိခဲ့တာပါ။  ဒီပွဲ အရှုံးရလဒ်ကြောင့် ချဲလ်ဆီးအသင်းက အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက စပါး၊ လီဗာပူး တို့ထက် ၁ ပွဲပိုကစားထားပေမယ့် ၃ မှတ် ပြတ်သွားခဲ့ပါတယ်။  တခြားပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ဝက်စ်ဘရွန်းနဲ့ ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။  ပထမပိုင်းမိနစ် ၃၀ မှာ ဂွမ်ဒိုဂမ်က ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ၄၃ မိနစ်မှာ နောက်ခံလူ ဒိုင်ယက်စ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာကြောင့် သရေရလဒ်နဲ့သာ မန်စီးတီး ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
1 year Ago
Up