ဝီလ်ရှိုင်းယား

December 20, 2018

ဝက်စ်ဟမ်းကွင်းလယ်လူ ဝီလ်ရှိုင်းယား ရာသီကုန်အထိ နားရဖွယ်ရှိ

ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားဟာ ခြေချင်းဝတ်ဒဏ်ရာ ထပ်ရတာကြောင့် ရာသီကုန်အထိ အနားယူရဖွယ် ရှိနေပါတယ်။ အင်္ဂလန်ကစားသမား ဝီလ်ရှိုင်းယားဟာ ပြီးခဲ့တဲ့တပတ်ကမှ ခြေချင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသပြီးနောက် ဒဏ်ရာကနေ ပြန်လည်သက်သာလာတာပါ။ နယူးကာဆယ်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီး ခြေချင်းဝတ်ဒဏ်ရာအသစ် ပြန်လည်ရရှိသွားတယ်လို့ သိရပြီး ဆေးအဖွဲ့က ဆက်ပြီးစစ်ဆေးနေတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။ ဒဏ်ရာအခြေအနေဟာ ညာဘက်ခြေချင်းဝတ်ဒဏ်ရာဖြစ်ပြီး နာကျင်မှုဝေဒနာ ခံစားရတာကြောင့် မိမိတို့ထင်ထားတာထက် ပိုမိုကြာမြင့်စွာ အနားယူရနိုင်တယ်လို့ ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီက အတည်ပြုခဲ့ပါတယ်။ အသက် ၂၆ နှစ်ရှိ ဝီလ်ရှိုင်းယားဟာ ကစားသမားဘဝ သက်တမ်းတလျှောက် ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းမတည်ငြိမ် ဖြစ်ခဲ့ဖူးပါတယ်။ အခုနှစ်ရာသီအစက အာဆင်နယ်ကနေ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ပြီးနောက်မှာလည်း ခြေခင်းဝတ်ဒဏ်ရာကြောင့် ၅ ပွဲပဲ ကစားခွင့်ရထားပါတယ်။
2 years Ago

November 21, 2018

ဝက်စ်ဟမ်းကွင်းလယ်လူ ဝီလ်ရှိုင်းယား ကြံ့ခိုင်မှုပြန်ရရန် နီးစပ်

ခြေချင်းဝတ်ဒဏ်ရာကြောင့် ၃ လနီးပါး အနားယူခဲ့ရတဲ့ ဝီလ်ရှိုင်းယားဟာ ကြံ့ခိုင်မှုပြန်ရဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အသက် ၂၆ နှစ်ရှိ ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားဟာ စက်တင်ဘာ ၁ ရက်က ဝုဗ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရပြီးနောက်ပိုင်း အနားယူနေရတာပါ။ ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပါတယ်။ ဒါပေမယ့် လာမယ့်စနေနေ့မှာ ကစားမယ့် မန်စီးတီးနဲ့ပွဲစဉ်မှာ ပါဝင်မလား ဆိုတာကတော့ နည်းပြ ပယ်လီဂရီနီက ဆုံးဖြတ်မှာဖြစ်ပြီး ပါဝင်ခဲ့မယ်ဆိုရင်တောင် အရန်ခုံမှာပဲ မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဒါပေမယ့် မန်စီးတီးနဲ့ပွဲအပြီး ကစားရမယ့် နယူးကာဆယ်နဲ့ပွဲမှာတော့ ပွဲထွက်လာဖို့ ရှိနေပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားဟာ အခုနှစ်ရာသီအစကမှ အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
2 years Ago
More News
Up