'one for the road' ဆိုတဲ့ စကားအတွက် လုံးဝကွဲပြားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် အသစ်တခု ဖြစ်လာတော့မှာပါ။ ဒီကားကို ဝီစကီထုတ်လုပ်ရာက အသုံးမလိုတော့တဲ့ အကြွင်းအကျန်တွေနဲ့ ပြုလုပ်ထားတဲ့ ဇီဝလောင်စာနဲ့ မောင်းနှင်နိုင်ပါတယ်။ အီဒင်ဘတ်အခြေစိုက် Celtic Renewables ကုမ္ပဏီက သူတို့ရဲ့ ဘိုင်အိုဗျူတနောကို ဓာတ်ဆီနဲ့ ဒီဇယ်တို့နေရာမှာ ပထမဆုံး အစားထိုးအသုံးပြုနိုင်ဖို့ စမ်းသပ်ခဲ့ပါတယ်။ ဒီအတွက် ကားအင်ဂျင်တွေကို မော်ဒီဖိုင်းလုပ်ဖို့ မလိုပါဘူး။ အဲဒီအစား လွန်ခဲ့တဲ့ ရာစုနှစ်တခုက ကစော်ဖောက်ခြင်းနည်းစဉ်ကို ပြန်လည်ပြုပြင်ဆန်းသစ်ပြီး ဈေးသက်သာတဲ့ ယာဉ်မောင်းဆီတခေတ် ဖြစ်လာစေဖို့ ကြိုးပမ်းနေတာပါ။
"ဒီဆီကို ဖို့ဒ်ကားတစီးမှာထည့်ပြီး သမိုင်းမှတ်တမ်းဝင် မောင်းနှင်မှုတခု ပြုလုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ မူလမော်ဒယ် T Ford ပုံစံဖြစ်ပြီး ဇီဝလောင်စာနဲ့ မောင်းနှင်မှာပါ။ ဒီအတွက် ကစော်ဖောက်ခြင်းကနေ လောင်စာပြုလုပ်တဲ့ နည်းပညာကို လွန်ခဲ့တဲ့ နှစ်တရာလောက်ကတည်းက ရရှိခဲ့တာမို့ ခုချိန်မှာ လုံးဝပြည့်စုံနေပါပြီ။ နည်းပညာတခုကို ဒီကနေ့ခေတ်ဆီ ယူဆောင်နိုင်ဖို့ အတိတ်ဆီကို ရိုးရိုးလေး ပြန်သွားနေတာပါ။"
အဖွဲ့က ဘိုင်အိုဗျူတနောကို Edinburgh Napier တက္ကသိုလ်က ဓာတ်ခွဲခန်းတခုမှာ ပြုလုပ်ခဲ့ပါတယ်။ ဒါကို ဗျစ်လို့ခေါ်တဲ့ စွန့်ပစ်ဘာလီစေ့ အနှစ်တွေကို အရက်ချက်ရာက ထွက်လာတဲ့ စိမ်ရည်နဲ့ အချဉ်ပေါက်နေတဲ့ ဗျစ်ရည်တွေ အချိုးကျ ရောစပ်ထားတဲ့ ပစ္စည်းကနေ ထုတ်လုပ်ပါတယ်။ စကော့ မုယောဝီစကီ စက်ရုံတွေကနေ တနှစ်ကို ဗျစ်တန်ချိန် ၅၀၀၀၀ နဲ့ စိမ်ရည် လီတာသန်း ၂၀၀ လောက် ထွက်ပါတယ်။
"စကော့ဝီစကီစက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကနေ လောင်စာဆီပြုလုပ်တာက စက်ရုံတွေအတွက် စီးပွားရေးအရ တွက်ချေကိုက်တဲ့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း ထိန်းသိမ်းရာ ရောက်ပါတယ်။ ဒါ့အပြင် ဒီနိုင်ငံရဲ့ အသစ်စက်စက် ကုန်ထုတ်လုပ်မှု နည်းပညာတွေကို ကမ္ဘာတဝှမ်းဆီ တင်ပို့ရောင်းချလာနိုင်မှာပါ။"
ကုမ္ပဏီအနေနဲ့ ၂၀၁၉ ခုနှစ်မှာ လည်ပတ်နိုင်ဖို့ ရည်မှန်းထားတဲ့ ကုန်ထုတ်စက်ရုံတခု တည်ဆောက်ဖို့အတွက် မတည်ငွေ ယူရို ၉ သန်း လက်ခံရရှိထားပါတယ်။ ဒီစက်ရုံက အရက်ချက်စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကနေ လောင်စာဆီ လီတာ သန်းတဝက်လောက် ထုတ်လုပ်ပေးမှာပါ။ ကုမ္ပဏီရဲ့ အဆိုအရ စကော့တလန်မှာရှိတဲ့ ကုန်ကြမ်းပစ္စည်း ရရှိနိုင်မှု အနေအထားအရ တနှစ်ကို လောင်စာဆီ သန်း ၅၀ တောင် ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။
6 years Ago