ဝီကီလိခ်စ်

April 21, 2022

ဝီကီလိခ်စ်တည်ထောင်သူကို အမေရိကန်သို့ လွှဲပြောင်းပေးရန် ဗြိတိန်တရားရုံး အမိန့်ထုတ်

ဝီကီလိခ်စ်တည်ထောင်သူ ဂျူလီယံ အာဆန်ကို သူလျှိုမှု စွဲချက်တွေကို ရင်ဆိုင်နိုင်ရေး အမေရိကန်နိုင်ငံဆီကို လွှဲပေးဖို့ ဗြိတိန်နိုင်ငံ ဝက်စ်မင်စတာ ခရိုင်တရားရုံးက ဧပြီ ၂၀ ရက်မှာ တရားဝင် အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အာဆန်ရဲ့ ရှေ့နေတွေက တရားရုံးဆုံးဖြတ်ချက်ကို ၁၄ ရက်အတွင်း အယူခံဝင်နိုင်တာကြောင့် တရားခံလွှဲပြောင်းရေးကိစ္စကို အတည်ပြုမလားဆိုတာ ဆုံးဖြတ်ဖို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပရစ်တီး ပတေးအပေါ် မူတည်နေပါတယ်။

အာဆန်ကို အမေရိကန်ဆီ လွှဲအပ်ရေး အထက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ရေး ခွင့်မပြုဖို့ ဗြိတိန်တရားရုံးချုပ်က အရင်လက ငြင်းခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက အာဖဂန်နစ္စတန်၊ အီရတ်စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ ရာနဲ့ချီတဲ့ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းတွေကို WikiLeaks က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေကို ထုတ်ဖော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် ၅၀ အရွယ် အာဆန်ကို အမေရိကန်အစိုးရက အလိုရှိနေတာပါ။

ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေထဲမှာ ၂၀၀၇ ခုနှစ်က ဘဂ္ဂဒက်မြို့ လမ်းမတွေပေါ်မှာ အမေရိကန်စစ်တပ်က ရိုက်တာသတင်းထောက်တွေနဲ့ ကလေးတွေကို ပစ်သတ်ခဲ့တဲ့ Apache ရဟတ်ယာဉ်ကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်းလည်း ပါပါတယ်။

8 months Ago

January 5, 2021

ဝီကီလိခ်စ်တည်ထောင်သူအား အမေရိကန်သို့လွှဲပေးရေး လန်ဒန်တရားရုံး ပယ်ချ

ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ဖွင့်ချတဲ့ ဝီကီလိခ်စ် အင်တာနက် စာမျက်နှာတည်ထောင်သူ ဂျူလီယာအာဆန်ကို ထောက်ခံသူတွေ ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်က အိုးလ်ဒ်ဘိုင်လေတရားရုံးအပြင်မှာ ဇန်နဝါရီ ၄ ရက်က အောင်ပွဲခံနေကြပါတယ်။ အာဆန်ကို သူလျှိုမှု အပါအဝင် စွဲချက်တွေကို ရင်ဆိုင်ဖို့ အမေရိကန်နိုင်ငံဆီ လွှဲပေးရေး တောင်းဆိုချက်ကို တရားသူကြီးက ငြင်းပယ်လိုက်အပြီး ခုလို အောင်ပွဲခံနေတာပါ။ ၂၀၁၉ ခုနှစ်တည်းက ဗြိတိန်နိုင်ငံက ထောင်ထဲမှာ နေရတဲ့ အာဆန်ဟာ အမေရိကန် စစ်တပ်ရဲ့ လျှို့ဝှက်သတင်း အချက်အလက်တွေကို ဝီကီလိခ်စ်ကနေတဆင့် ဖြန့်ချိမှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက အမှုပေါင်း ၁၈ မှုနဲ့ စွပ်စွဲခံထားရပါတယ်။ ဒါ့အပြင် သူ့ကို အမေရိကန်မှာ တရားစီရင်ဖို့ အမေရိကန်ကို လွှဲပေးရေး မနှစ်က ဇွန်လမှာ တရားဝင် တောင်းဆိုထားပါတယ်။ အကျဉ်းသား လွှဲပြောင်းရေးဟာ အာဆန်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဟန့်တား ချိုးဖောက်ရာကျမှာ စိုးရိမ်လို့ လွှဲမပေးသင့်ဘူးလို့ တရားသူကြီးက ပြောဆို ပယ်ချပါတယ်။ တကယ်လို့ အမေရိကန်ရဲ့ လုံခြုံရေးအမြင့်ဆုံး ထောင်ထဲမှာ ထိန်းသိမ်းခံရရင် အာဆန်ဟာ သူ့ကိုယ်သူ သတ်သေမယ့် တကယ့်ဘေးလည်း ရှိနေတယ်လို့ တရားသူကြီးက ပြောပါတယ်။ လန်ဒန် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် အစိုးရရှေ့နေတွေက အယူခံဝင်ဦးမှာပါ။ ဒီအမှုဟာ တရားလွှတ်တော်ချုပ်ထိ ရောက်သွားနိုင်တယ်လို့ ရိုက်တာ သတင်းမှာ သုံးသပ်ပါတယ်။ အာဆန်ကို အာမခံနဲ့ လွှတ်ပေးဖို့ သူ့ရှေ့နေတွေက ဗုဒ္ဓဟူးနေ့မှာ ကြိုးစားကြဦးမှာပါ။ အာဆန်ဟာ ကျန်ခဲ့တဲ့ ဆယ်စုနှစ်တခုလုံး အကျဉ်းကျသလို ပုန်းအောင်းနေရပြီး ထောင်လည်း ကျခဲ့ပြီးပါပြီ။ တရားစီရင်ရေး လုပ်ငန်းစဉ်တရပ်လုံးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရရဲ့ နိုင်ငံရေးအကွက်ရွှေ့မှုလို့ အာဆန်ရဲ့ ရှေ့နေအဖွဲ့က ငြင်းခုံပြောဆိုပါတယ်။ အာဆန်ကို အကျဉ်းသားအဖြစ် အမေရိကန်ကို လွှဲပေးလိုက်ပါက သတင်းထောက်တွေရဲ့ အလုပ်ကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်ရာ ရောက်လိမ့်မယ်လို့လည်း သူတို့က ပြောပါတယ်။
2 years Ago
Up