ဝိုင်းဝန်းတိုက်ဖျက်

September 24, 2020

ယာဇီဒီတိုင်းရင်းသားများအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ဝိုင်းဝန်းတိုက်ဖျက်ကြရန် အီရတ်တိုက်တွန်း

ယာဇီဒီတိုင်းရင်းသားတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ဟန့်တားဖို့အတွက် အကြမ်းဖက်ဝါဒနဲ့ အဂတိလိုက်စားမှုတွေကို ဝိုင်းဝန်းတိုက်ဖျက်ကြဖို့ နိုင်ငံတကာခေါင်းဆောင်တွေကို အီရတ်သမ္မတ ဘာဟင်းမ်ဆာလေဟဲက စက်တင်ဘာ ၂၃ ရက်မှာ ဆော်သြလိုက်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကြိုတင်အသံသွင်းထားတဲ့ မိန့်ခွန်းအတွင်း အီရတ် သမ္မတက ခုလိုပြောလိုက်တာပါ။  “အီရတ်မှာ ယာဇီဒိတိုင်းရင်းသားတွေကို အမျိုးဖြုတ်ဖို့ ရည်မှန်းထားတဲ့ လုပ်ရပ်တွေ အစု လိုက် သတ်ဖြတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကျနော်တို့ ကိုင်တွယ်ဖြေရှင်းရမယ်။ ဒီလို ရာဇဝတ်မှုတွေ ဘယ်တော့မှ ထပ်မကျူးလွန်နိုင်တာ သေချာအောင် ဒီအကြောင်းပြချက်အတွက် နိုင်ငံတကာလူ့အဖွဲ့အစည်းဟာ အီရတ်နဲ့ ရင်ပေါင်တန်း ရပ်တည်ရမယ်” လို့ သူက ပြောပါတယ်။  အီရတ်မြောက်ပိုင်းမှာ ၂၀၁၄ ခုနှစ်က ယာဇီဒီတိုင်းရင်းသားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အိုင်အက်စ်စစ်သွေးကြွတွေ အယောက် ၁၆၀ လောက်ကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ထုတ်ခဲ့ပြီးပါပြီ။ သူတို့ကို တရားရေးအရ အရေးယူဖို့ အမှုတည်ဆောက်နေပြီလို့ ကုလသမဂ္ဂက အစီရင်ခံ ထားပါတယ်။  အီရတ်နိုင်ငံထဲက လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး အိုင်အက်စ်စစ်သွေးကြွတွေရဲ့ လုပ်ရပ်တွေကို အနာဂတ်မှာ တရား စီရင်ဖို့ သက်သေစုဆောင်း ထိန်းသိမ်းတာတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဖွဲ့စည်းပေး ထားတဲ့ ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၁၃ မှာ စတင်ခဲ့ပါတယ်။  “၂၀၁၆ မှာတော့ အိုင်အက်စ်တွေဟာ ဆီးရီးယားနဲ့ အီရတ်က ယာဇီဒီ တိုင်းရင်းသားတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်နေတယ်။ သတ်ဖြတ်နည်း၊ လိင်ကျွန်ပြုနည်းနဲ့ တခြား ရာဇဝတ်မှု တွေကို လက်နက်အဖြစ် သုံးပြီး ဘာသာရေးလူနည်းစုကို ဖျက်ဆီးနေတယ်”လို့ ကုလ ပညာရှင်တွေ က သတိပေးခဲ့ကြပါတယ်။
7 months Ago
Up