ဝါးထရံရက်လုပ်ငန်း

July 30, 2018

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ၍ ကြအိုကျေးရွာ ​ဝါးထရံရက်​လုပ်​ငန်း တွင်ကျယ်လာ

မန္တ​လေးတိုင်း​ဒေသကြီး ​ညောင်​ဦးခရိုင်​၊ ​ညောင်​ဦးမြို့နယ်​ ကြအို​ကျေးရွာမှာ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာတာကြောင့် ​ဒေသခံတွေရဲ့ ဝါးထရံလုပ်​ငန်း တွင်​ကျယ်​လာပြီး အဆင်​​ပြေ​နေကြတယ်​လို့ ​ဒေသခံ ဝါးလုပ်​ငန်းလုပ်​ကိုင်​သူ ဦး​အောင်​စိုးက ပြောပါတယ်​။ “အရင်​ကတည်းက လုပ်​ခဲ့တာ​ ဘိုးစဉ်​​ဘောင်​ဆက်​လို့ ​ပြောလို့ရ​ပေမယ့် အခုအချိန်​မှာ လမ်းပန်းဆက်​သွယ်​​ရေး​တွေလည်း​ ကောင်းလာပြီး ဝါးဆိုရင်​လည်း ဝါးကုန်​သည်​​တွေက ​နေပြည်​​တော်​ဘက်​က​နေ ရွာအထိ အ​ရောက်​ပို့တယ်​။ ​​ငွေကိုလည်း ကားတ​စီးလာရင်​ ဘယ်​သူ ဘယ်​နှ​လုံးဆို ခွဲယူထားပြီး ​နောက်​အ​ခေါက်​မှ ​ငွေရှင်းရတာ။ ကုန်​​ချော ထရံလိပ်​​တွေ ဆိုရင်​လည်း အရင်​ကထက်​ အခုဆိုရင်​ ​ချောက်​၊ မ​ကွေး၊ ပခုက္ကူ၊ ကံမ၊ ဆိပ်​ဖြူ၊ မင်းဘူးအထိ တင်​ပို့​နေရ​တော့ အခုဆိုရင်​ ဒီဝါးလုပ်​ငန်း တ​ရွာလုံး ၉၀ ရာခိုင်​နှုန်း​လောက်​ လုပ်​ကိုင်​​နေကြတာ​ပေါ့။” ကြအို​ကျေးရွာမှာ အိမ်​​ခြေ ၂၉၅ အိမ်​ရှိပြီး ဝါးထရံ ယက်​လုပ်​ငန်း လုပ်​ကိုင်​သူမှာ ၂၈၀ လောက်ရှိ​ပါတယ်။ လူတ​ဦးကို​ တရက်​ ပျမ်းမျှ ဝင်ငွေ​ ၃ ​ထောင်​ကနေ ၅ ​ထောင်​ ဝင်​​ငွေရရှိ နေတယ်လို့ ဆိုပါတယ်​။ အဆိုပါ ​ကျေးရွာ​နေ ဦးစိုးလွင်​က “​တောင်​သူလုပ်​ငန်းက မိုးကို​မျှော်​ရတယ်။ လူဦး​ရေနဲ့ ​မြေ​နေရာက ဒီဘက်​မှာ မမျှတော့ဘူး​လေ။ အခုက အရိပ်​ထဲမှာပဲ ​အေး​အေး​ဆေး​ဆေး လုပ်​​နေကြရ​တော့ စိုက်​ပျိုး​ရေးထက်​ ဒီလုပ်​ငန်းကိုပဲ ပိုလုပ်​ဖြစ်​တာ​ပေါ့၊ အခု ရွာမှာ လုပ်​​နေတယ်​ ဆိုတာကလည်း ဒါဝါတွင်းဖြစ်​​နေလို့ ဒီရွာက ဝါးထရံရက်​တဲ့ လူ​တော်​​တော်​များများကလည်း သီတင်းကျွတ်​ရင်​ ​အောက်​ပိုင်း​တွေ ဆင်းပြီး ထရံရက်​လုပ်​ငန်း သွား​ရောက်​လုပ်​ကိုင်​ကြတယ်​” လို့ ​ပြောပါတယ်​။ ဝါးအမျိုးစား အ​နေနဲ့ တင်းဝါးကို အဓိကထား အသုံးပြုကြပြီး တလုံးကို ၅၀၀ မှ ၅၅၀ ဝယ်​ယူကြရ​ကြောင်းနဲ့ အရှည်​ ၁၅ ​ပေ၊ အနံ ၅ ​ပေ မှ ၈ ​ပေအထိကို ၄၅၀၀ ကျပ်​မှ ၇၅၀၀ ကျပ်​အထိ တင်​ပို့​ရောင်းရတယ်လို့ ဆိုပါတယ်။ “အခုချိန်​က​တော့ ကိုယ့်အိမ်​ ကိုယ့်ရွာမှာ လုပ်​ရတာ သိပ်​ပြီး​တော့ အပိုအလျှံ မဖြစ်​ဘူး။ ​အောက်​ပိုင်းထွက်​ပြီဆိုရင်​​တော့ ပိုလာကြတာ​​ပေါ့။ ​အောက်​ပိုင်း ဆိုတာကလည်း သီတင်းကျွတ်​က သွားပြီး သင်္ကြန်​ပြီး ၅ လပိုင်းထဲ ၆ လလောက်​ထွက်​လိုက်​ပြီး ပြန်​လာရင်​ တ​ဦးကို ၁၀ သိန်း​လောက်​​တော့ စုမိကြတယ်​” လို့ ဦးစိုးလွင်​က ​ပြောပါတယ်​။ ကျေးရွာနေ ဝါးထရံရက်​လုပ်​တဲ့လူ​တွေက ​ ဒိုက်​ဦး၊ ဘုရားကြီး၊ ရန်​ကုန်​၊ပြည်​၊ ​ပေါင်းတည်​၊ ပြည်နဲ့ အုတ်​တင်​တို့ကို သွားလုပ်ကြပြီး ဝါးဒိုင်​ပိုကြီးပြီး လုပ်​ငန်းပိုများ​တဲ့ ​ဖောင်​ကြီးဘက်​ကို အများဆုံး သွားကြတယ်လို့ ဆိုပါတယ်။ ကိုလင်း(​ချောက်​)
5 years Ago
Up