ဝါရှင်တန် မြို့တော်ဝန်

A d v e r t i s e m e n t With Us

May 31, 2020

အကြမ်းဖက်ဆန္ဒပြပွဲများကြောင့် စစ်တပ်ကို အလျင်အမြန် ချထားနိုင်ဟု သမ္မတထရမ့်ပြော

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မီနီယာပိုလစ်မြို့မှာ လူမည်းအမျိုးသား သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး အကြမ်းဖက်ဆန္ဒပွဲတွေ ဖြစ်ပေါ်နေတာ ထိန်းသိမ်းနိုင်ဖို့ စစ်တပ်ကို အမြန် ချထားနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။  လူမည်းအမျိုးသား ဂျော့ချ် ဖလွိုက်ဒ်ရဲ့ လည်ပင်းပေါ် လူဖြူရဲအရာရှိ တယောက်က ဒူးနဲ့ ထောက်ပြီး ထိန်းသိမ်းစဉ် လူမည်းသေဆုံးခဲ့တာကြောင့် အဲဒီရဲအရာရှိကို ဖမ်းဆီးအရေးယူထား ပေမယ့် အမေရိကန်နိုင်ငံတလွှား မြို့အတော်များများမှာ ရဲဆန့်ကျင်ရေး အကြမ်းဖက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာပါ။ အခင်းဖြစ်ပွားရာ မီနီယာပိုလစ်မြို့မှာ လေးည ဆက်တိုက် ထိပ်တိုက်တွေ့မှုအပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးက အမျိုးသားအစောင့်တပ်ကို တပ်ချထားခဲ့ရပါတယ်။ ဒါဟာ ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံး အပြည့်အဝ တပ်ချမှုလည်း ဖြစ်ပါတယ်။ တကယ်လို့ ဒေသန္တရ အာဏာပိုင်တွေက အကူအညီတောင်းခဲ့ရင် တာဝန်အပြည့်ယူတဲ့ တပ်မတော် စစ်ရဲတွေကို တပ်ချနိုင်ရေး အသင့်ပြင်ထားဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ နာမည်မဖော်တဲ့ အစိုးရအရာရှိတယောက်က ပြောပါတယ်။ တကယ်လို့ ဆန္ဒပြသူတွေဟာ သမ္မတ အိမ်ဖြူတော်ကို ချိုးဖောက်ဝင်လာခဲ့မယ်ဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့ ခွေးတွေနဲ့ တွေ့လိမ့်မယ်လို့လည်း ထရမ့်က ပြောပါတယ်။  တကယ်လို့ သမ္မတက သွေးခွဲဖို့ ကြိုးစားနေရင်တောင် မြို့သူမြို့သားတွေနဲ့ တနိုင်ငံလုံး အကြီးအကျယ် သည်းခံကြဖို့ ဝါရှင်တန် မြို့တော်ဝန်နဲ့ ဒီမိုကရက်ပါတီဝင် မျူရီယယ် ဘောင်ဆာက ပြောပါတယ်။ “ပြည်သူတွေက အပြောင်းအလဲအတွက် ပင်ပန်း ဝမ်းနည်း ဒေါသထွက် စိတ်ပျက်နေကြပြီး ဒီနာကျင်မှုတွေနဲ့ ခုလိုအကြီးအကျယ် ဖရိုဖရဲဖြစ်စဉ်တွေကို အသိအမှတ်ပြုတဲ့ ခေါင်းဆောင်တွေကို ကျနော်တို့ လိုအပ်နေတယ်။ ကျနော်တို့ကို မျှော်လင့်ချက် နဲ့ တည်ငြိမ်တဲ့ ခံစားချက်ကို ပေးနိုင်တဲ့ ခေါင်းဆောင်မျိုး လိုတယ်။ ကျနော်တို့ အိမ်ဖြူတော်ကနေ ဒီနှစ်ရက်အတွင်း ရလိုက်တာက အမေရိကန် နိုင်ငံသားတွေအပေါ် အကြမ်းဖက်တာကို အမွှန်းတင်နေတဲ့ လုပ်ရပ်တွေပဲ။ ခွေးမောင်းဝီစီသံ ကြားနေကျကနေ ခုတော့ အသံချဲ့စက်သံကို ကြားလာရပြီ” လို့ ဝါရှင်တန် မြို့တော်ဝန်က ပြောပါတယ်။ တကယ်လို့ ဆန္ဒပြသူ တွေက လက်သရမ်း ဖျက်ဆီးခဲ့ရင် သူတို့ကို ပစ်ခတ်ဖို့ အဆိုပြုထားတဲ့ မှတ်ချက်ကို ထရမ့်ဟာ သောကြာနေ့က တွစ်တာလူမှု ကွန်ရက်ပေါ်ကနေ ရေးခဲ့တာကြောင့် ဒီမိုကရက်ပါတီဝင်တွေရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရသလို တွစ်တာ လူမှုကွန်ရက်ကလည်း သတိပေးတာကို ခံခဲ့ရပါတယ်။
9 months Ago
Up