ဝါရှင်တန်ဒီစီ

May 15, 2019

အမေရိကန်ရှိ ဗင်နီဇွဲလားသံရုံးကို သိမ်းပိုက်ဆန္ဒပြနေသည့် မာဒူရို ထောက်ခံသူများအား နှင်ထုတ်

ဝါရှင်တန်ဒီစီရှိ ဗင်နီဇွဲလားသံရုံးကို သီတင်းပတ်များစွာ သိမ်းပိုက်ထားတဲ့ သမ္မတ မာဒူရို ထောက်ခံသူတွေကို အမေရိကန် ဖက်ဒရယ်အေးဂျင့်တွေက မေလ ၁၃ ရက်နေ့မှာ နှင်ထုတ်ခဲ့ပြီး ၄ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ သံရုံးအတွင်း မာဒူရို ထောက်ခံသူတွေက သီတင်းပတ်ချီ ဆန္ဒပြနေတာပါ။ သူတို့က ဗင်နီဇွဲလားရဲ့ တကယ့်သမ္မတဟာ မာဒူရိုဖြစ်ပြီး ဟွမ်ဂွယ်ဒို မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ အမေရိကန် ထောက်လှမ်းရေး အေးဂျင့်တွေဟာ အဆောက်အဦထဲ ဝင်ရောက်ပြီး တက်ကြွလှုပ်ရှားသူတွေကို ပြောင်းရွှေ့ဖို့ နို့တစ်စာ ပေးခဲ့ပါတယ်။ ဒေသမီဒီယာ အဆိုအရ အမေရိကန် ဖက်ဒရယ်အေးဂျင့်တွေနဲ့ ဒေသရဲတပ်ဖွဲ့ဟာ သံရုံးကို ဝန်းရံခဲ့ပေမယ့် ဆန္ဒပြသူတွေကို နောက်တညထက်မနည်း သံရုံးအတွင်း နေခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဟွမ်ဂွယ်ဒို ခန့်အပ်ထားတဲ့ ဗင်နီဇွဲလား သံအမတ်က ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန် အစိုးရဆီကနေ အကူအညီ တောင်းခံခဲ့တယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောခဲ့ပါတယ်။ သမ္မတ မာဒူရို အစိုးရကတော့ အခုလို တက်ကြွလှုပ်ရှားသူတွေကို အမေရိကန် အေးဂျင်တွေ့ နှင်ထုတ်တဲ့ကိစ္စကို ရှုတ်ချခဲ့ပါတယ်။ “ဗင်နီဇွဲလားအစိုးရဟာ သံရုံးဟောင်းအတွင်းကို ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ခွင့် မပြုပါဘူး။ သံရုံးထဲကို အမေရိကန်အေးဂျင့်တွေ ကျူးကျော်ဝင်ရောက်တာဟာ နိုင်ငံတကာဥပဒေကို ထပ်မံချိုးဖောက်တာဖြစ်ပြီး ဗင်နီဇွဲလားကို ကျူးကျော်တာဖြစ်တယ်” လို့ မြောက်အမေရိကဆိုင်ရာ ဗင်နီဇွဲလား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
3 years Ago

February 1, 2019

ဝါရှင်တန်ဒီစီဝန်းကျင်တွင် အာတိတ်လေအေးစီးကြောင်းဒဏ် ခံစားနေရ

အမေရိကန်နိုင်ငံ ဒေသအတော်များများ အအေးဒဏ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့နေချိန်မှာ ဇန်နဝါရီ ၃၁ ရက်နေ့က မြို့တော် ဝါရှင်တန်ဒီစီ ဝန်းကျင်ဟာလည်း အာတိတ် လေအေးစီးကြောင်းဒဏ်ကို ခံစားနေရပါတယ်။ အအေးဒဏ်ကြောင့် ဇန်နဝါရီ ၂၆ ရက်နေ့ကစပြီး အနောက်အလယ်ပိုင်းဒေသမှာ လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တချို့ဟာ ရာသီဥတုကြောင့်ဖြစ်တဲ့ ယာဉ်မတော်တဆမှုတွေမှာ သေဆုံးတာဖြစ်ပြီး ကျန်လူတွေကတော့့ အအေးဒဏ်သင့် သေဆုံးခဲ့ပုံရပါတယ်။ ဒါ့အပြင် အမေရိကန် အနောက်အလယ်ပိုင်းဒေသမှာ လေကြောင်းခရီးစဉ် ဖျက်သိမ်းရတာတွေ၊ နှောင့်နှေးကြန့်ကြာတာတွေ ရှိခဲ့ပါတယ်။ နယူးယောက်မြို့ ဟတ်ဆန်မြစ်အတွင်း ရေခဲနေတာကြောင့် အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေဟာ ရေခဲပြင်ရှင်းလင်းရေး လုပ်ဆောင်နေပါတယ်။ ဝါရှင်တန်ပြည်နယ်မှာ အနိမ့်ဆုံးအပူချိန် အနုတ် ၁၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ကျဆင်းပြီး အနုတ် ၄ ဒီဂရီကို ပြန်လည် မြင့်တက်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ မင်နီဆိုးတားနဲ့ မစ်ရှီဂန်ပြည်နယ် အထက်ပိုင်းမှာတော့ အပူချိန်ဟာ အနုတ် ၃၁ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ကျဆင်းခဲ့တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။
3 years Ago
Up