ဝါရင့်တိုက်စစ်မှူး

December 25, 2019

ဝါရင့်တိုက်စစ်မှူး မန်ဇူကစ် ကာတာကလပ်သို့ အပြီးသတ်ပြောင်းရွှေ့

ဝါရင့်တိုက်စစ်မှူးကြီး မန်ဇူကစ်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ လေးနှစ်ခွဲကြာ ကစားသမားဘဝကို အဆုံးသတ်ကာ ကာတာကလပ် အယ်လ်ဒူဟေးအသင်းကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဝါရင့်တိုက်စစ်မှူးကြီးဟာ ဂျူဗင်တပ်စ်အသင်းကို နည်းပြကြီး ဆာရီ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်းကတည်းက ပါဝင်ကစားခွင့် ပျောက်ဆုံးခဲ့ရသူ ဖြစ်ပြီးတော့ ဂျူဗင်တပ်စ်ကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးခဲ့သူ ဖြစ်ပါတယ်။  မန်ဇူကစ် အပြောင်းအရွှေ့ကို ကာတာကလပ်ရဲ့ပိုင်ရှင်ဖြစ်သူက စာချုပ် လက်မှတ်ထိုးနေတဲ့ပုံနဲ့အတူ တွစ်တာလူမှုကွန်ရက်ကနေ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ မန်ဇူကစ်ဟာ လက်မှတ်ရေးမထိုးနိုင်ခင်ကတည်းက ကာတာကို ကြိုတင်ရောက်ရှိနေကာ အသင်းနဲ့ ဆေးစစ်မှုခံယူခဲ့ပြီး  သူ့အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်စ်အသင်းဟာ ယူရို ၅ သန်းခွဲရမယ်လို့ ယူဆရပါတယ်။ ဆာရီမတိုင်ခင်မှာ မန်ဇူကစ်ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ အဓိက ကစားသမားတဦး ဖြစ်ခဲ့ပေမယ့် ဆာရီလက်ထက်မှာတာ့  ရော်နယ်ဒို၊ ဟီဂူအင်နဲ့ ဒီဘာလားတို့ကသာ အသင်းတိုက်စစ်ရဲ့ အဓိကကစားသမားတွေ ဖြစ်ခဲ့ပါတယ်။  မန်ဇူကစ်ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းကနေ ရာသီအစကတည်းက နုတ်ထွက်ခဲ့ပြီ ဂျူဗင်တပ်စ်အသင်းရဲ့ ပထမပွဲစဉ် ၄ ပွဲရဲ့ သုံးပွဲမှာ အရန်အဖြစ် ပါဝင်ခွင့်ရခဲ့ပေမယ့်  ‌နောက်ပိုင်းမှာ ပွဲထွက်ခွင့်ပါ ပျောက်ဆုံးသွားပါတယ်။ ခရိုအေးရှား လက်ရွေးစင် တိုက်စစ်ကစားသမားဟာ ဂျူဗင်တပ်စ်အသင်းအတွက် ၁၆၂ ပွဲကစားကာ  ၄၄ ဂိုးသွင်းယူပေးခဲ့ပါတယ်။ သူ့ရဲ့ အသင်းသစ် အယ်လ်ဒ်ဟေးအသင်းဟာ လက်ရှိ ကာတာစတားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာမှာ ရပ်တည်နေပြီး ၁၁ ပွဲကစား၊ ၉ ပွဲနိုင် ၂ အပွဲ သရေ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။  မန်ဇူကစ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်မှာ ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့ပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးရက်မှာမှ ယူနိုက်တက်ဘက်က သူ့ကို ခေါ်ဖို့ လက်ရှောင်သွားပါတယ်။ အသက် ၃၃ နှစ်အရွယ် မန်ဇူကစ်ဟာ ဘိုင်ယန်မြူနစ်၊ အက်သလက်တီကို စတဲ့ ထိပ်သီးအသင်းကြီးတွေမှာ ကစားခဲ့ဖူးပြီး အသင်းသစ်မှာ ဂျူဗင်တပ်စ် အသင်းဖော်ဟောင်း မက်ဒီဘီနာတီယာနဲ့ ပြန်လည်ဆုံစည်းရတော့မှာ ဖြစ်ပါတယ်။
2 years Ago
Up