ဝရမ်းပြေ

August 7, 2020

ဦးဝီရသူကို ဖမ်းမမိသဖြင့်  အမှုမစစ်ဆေးနိုင်သေးဘဲ ရာဇဝတ်အထွေထွေအမှုပိတ်   

ဦးဝီရသူကို ဝရမ်းပြေးအဖြစ် ကြေညာထားပြီး ဖမ်းဆီးရမိခြင်းမရှိသေးတဲ့အတွက် အမှုကို ဆက်လက် မစစ်ဆေးနိုင်သေးတာကြောင့် အမှုနဲ့ပတ်သတ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့က ရာဇဝတ်အထွေထွေအမှုကနေ ပိတ်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်တရားရုံးက သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးဝီရသူကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇၊ ၈၈ နဲ့ တရားရုံးများလက်စွဲအပိုဒ် ၅၁၃ အရ အရေးယူဆောင်ရွက်ထားပြီး ဖြစ်တဲ့အတွက် ဦးဝီရသူကို ပြန်လည် ဖမ်းမိတဲ့အခါ အမှုကို အစကနေ ပြန်စစ်သွားမှာ ဖြစ်ပါတယ်။  ဦးဝီရသူကို ဇွန်လ ၄ ရက်နေ့က ဝရမ်းပြေးအဖြစ် အနောက်ပိုင်းခရိုင်တရားရုံးက ကြေညာ ထားတာလည်းဖြစ်ပါတယ်။ မန္တလေးတိုင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲနဲ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ စကားလုံးတွေသုံးပြီး ဟောပြောခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။ ဦးဝီရသူရဲ့ ဟောပြောချက်အချို့မှာ အစိုးရကို မလေးစားစေရန်၊ အကြည်ညို ပျက်စေရန် ဟောပြောချက်တွေ ပါဝင်တဲ့အတွက် ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယအထွေထွေအု ပ်ချုပ်ရေးမှူးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲဆိုထားတာပါ။ သတင်း-နူးရာ
1 year Ago
Up