အာဆီယံဆူဇူကီးဖလား ကြိုတင်လက်မှတ် ဝယ်ယူရာမှာ မှတ်ပုံတင်တခုတည်းနဲ့ ရောင်းချတဲ့ နေရာ ၄ နေရာစလုံးမှာ လာရောက်ဝယ်ယူတာတွေ ရှိနေပါတယ်။
အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ကြိုတင်လက်မှတ်တွေကို နိုဝင်ဘာ ၁၇ ရက်ကတည်းက သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းနဲ့ မြန်မာပလာဇာတို့မှာ ရောင်းချနေတာပါ။
အခုလို တဦးတည်းကနေ ကြိုတင်လက်မှတ်တွေ ဝယ်ယူနေကြတဲ့အတွက် မှောင်ခိုလက်မှတ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ စမ်းချောင်းမြို့နယ်က လက်မှတ်ဝယ်ယူသူတဦးက ဆိုပါတယ်။
လက်မှတ်ဝယ်ယူသူတွေထဲမှာ အများစုကတော့ တခြားသူတွေအတွက်ပါ လက်မှတ်တွေ ဝယ်ချင်ပေမယ့် မှတ်ပုံတင် အလုံအလောက်မပါလို့ အခက်တွေ့နေကြပါတယ်။
ကွင်းတွေမှာ လက်မှတ်ရောင်းချတဲ့ တာဝန်ရှိသူတွေကတော့ တခြားတနေရာကနေ လက်မှတ်ဝယ်ပြီးသားသူတွေကို ရောင်းမှာမဟုတ်ဘူးလို့ ပြောပါတယ်။
ကွင်းတာဝန်ရှိသူတွေအနေနဲ့ မှတ်ပုံတင်ကို ကွန်ပျူတာနဲ့ စစ်ဆေးတဲ့အခါ တခြားတနေရာမှာ စာရင်းသွင်းပြီးသားသူဆိုရင် အဝါရောင်အမှတ်အသားနဲ့ ပြတာဖြစ်တဲ့အတွက် ရောင်းချခြင်း မပြုဘူးလို့ ဆိုပါတယ်။
အာဆီယံဆူဇူကီးဖလား လက်မှတ်တွေကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၃၀၀၀ ကျပ် သတ်မှတ်ထားပြီး အုပ်စုပွဲစဉ်အားလုံးကိုလည်း အထူးတန်း ကျပ် ၁၅၀၀၀၊ ရိုးရိုးတန်း ကျပ် ၉၀၀၀ နဲ့ မှတ်ပုံတင်တခုကို လက်မှတ် ၂ စောင်နှုန်းနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။
လက်မှတ်အရောင်းစင်တာ ၄ ခုစလုံးမှာတော့ ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲထက် အရောင်းပါးနေပြီး လက်ရှိအချိန်အထိ ကြိုတင်လက်မှတ် ၃၀၀၀ ကျော် ရောင်းချထားပြီး ဖြစ်တယ်လို့ လက်မှတ်ရောင်းချရေးတာဝန်ခံက ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်
6 years Ago