ဝမ်းတွင်းမြို့တွင်

August 19, 2017

ဝမ်းတွင်းမြို့တွင် သောက်သုံးရေတွင်း ၂ တွင်း ပိုးသတ်ဆေး အခတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဘုရားစုကျေးရွာအုပ်စု ကန်သစ်ရွာ ရန်ကုန်-မန္တလေးလမ်းဟောင်းအနောက်ဘက် ပေ ၃၀၀ အကွာ အောင်မင်္ဂလာရေကန်အနီးက သောက်သုံးရေတွင်း ၂ တွင်းမှာ သြဂုတ် ၁၈ ရက် မနက်က ရွှေဆိုက်ပါ ပိုးသတ်ဆေး ခတ်သွားတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ ရွာအုပ်ချူပ်ရေးမှူး ဦးကြည်မြင့်က “ရေတွင်းထဲက ပိုးသတ်ဆေးအနံ့ ရနေတယ်၊ ရေအရောင်က အဖြူရောင် ဖြစ်နေတယ်ဆိုတာ ရေခပ်သွားသူတယောက်က လာပြောတယ်၊ ဒါနဲ့လိုက်ကြည့်တော့ ပလတ်စတစ်ဆေးဘူးခွံ ဆိုတော့ ပေါလောပေါ်နေတယ်၊ ဆေးဘူး ၂ ဘူးက ဆေးရည်တွေ ရှိနေသေးတယ်၊ ငရုတ်ခင်း၊ ဝါခင်းတွေကို ပိုးကျရင် ဖြန်းတဲ့ဆေးပါ၊ အသိမြန်လို့ လူတွေ ဘာမှ မဖြစ်လိုက်ဘူး၊ အောက်တန်းကျတဲ့ လုပ်ရပ်ပဲဗျာ"လို့ပြောပါတယ်။ နယ်ထိန်းတပ်ကြပ်မင်းသိန်းက "ဘယ်သူ လုပ်တယ် စုံစမ်းနေပါတယ်။ ရွာကလူတွေ ရေမသုံးမိပါဘူး။ ရေစုပ်စက် ၂ လုံးနဲ့ ရေတွေ စုပ် ထုတ်ပစ်နေတယ်။ ကျန်မားရေးဌာနက ဓာတ်ခွဲစမ်းသပ်ပြီး ဆေးမရှိတော့ဘူးဆိုမှ အသုံးပြုမှာပါ" လို့ ပြောပါတယ်။ ရေတွင်းအနက်ပေ ၅၀ ရေအနက် ၇ ပေရှိ ၁ တွင်း နဲ့ အလျားအနံ ၅ ပေစီရှိတဲ့ လေးထောင့်တွင်း ၁ တွင်းတို့ဖြစ်ပြီး အိမ်ထောင်စု ၂၀၀ လောက် အသုံးပြုနေတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago

July 30, 2017

ဝမ်းတွင်းမြို့တွင် ရာသီတုပ်ကွေး H1N1 ကာကွယ်ရေး Mask နှင့် ဆပ်ပြာဘူးများ ပေးဝေ

ဝမ်းတွင်းမြို့မှာ ဇူလိုင်လ ၂၉ ရက်နေ့က ကျောင်း ၅ ကျောင်းနဲ့ ပြည်သူတွေကို ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းပါးစပ်အုပ် Mask နဲ့ လက်ဆေးဆပ်ပြာဘူးတွေကို ကြက်ခြေနီတပ်ဖွဲ့က ပေးဝေခဲ့ပါတယ်။ ကြက်ခြေနီ ဒုတပ်ဖွဲ့မှူး မမျိုးယုယုနွယ်က "အသက်ရှူတာကနေ ကူးစက်တတ်တယ်၊ ကာကွယ်ဖို့ Mask တွေ စွပ်ထားရမယ်၊ ဘက်တီးရီးယားကလည်း တုပ်ကွေးဖြစ်တတ်တယ်။ လက်ဆေး ပေးရမယ်။ သတိထားမိ အသိရစေဖို့ပါ။ ကျောင်းသားကျောင်းသူတွေကို လက်ဆေးခြင်းကဗျာရှိတယ်၊ ဖဝါးဖမိုးလက်ခေါက်ချိုး လက်ကြားလက်မ မကျန်ရ ကုတ်ပါခြစ်ပါ လက္ခဏာ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ အဲတာဆိုပြ သင်ပေးတယ်"လို့ ပြောပါတယ်။ ကျောင်းအုပ်ဆရာဦးဟန်ဝင်းအောင်က "တုပ်ကွေးရောဂါ ပျံ့နှံလာတာ အခုလို လုပ်ပေးတော့ ပိုသိလာတာပေါ့။ သတိနဲ့ နေထိုင်သွားလာရမယ်ဆိုတာ အသိတခုရစေတယ်။ ကျောင်းသားကျောင်းသူတွေ စိတ်ထဲလည်း ကပ်ရောဂါတခုပါ ကူးစက်တတ်တယ်၊ အသိဝင် သွားတာပေါ့" လို့ ပြောပါတယ်။ ဦးမောင်ဝင်းက "သတင်းတွေကတဆင့် သိနေတယ်။ ကြားနေတယ်။ တကူးတက လုပ်ပြီး Mask မဝယ်ဖြစ်ဘူး၊ အခုလိုပေးတော့ စွပ်ဖြစ်ကာကွယ်ဖြစ်တယ်"လို့ ပြောပါတယ်။ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေက စာသင်ကျောင်း ၅ ကျောင်း၊ ဈေးနဲ့ လမ်းဆုံတွေမှာ Mask ၄၀၀၀ နဲ့ ဆပ်ပြာဘူး ၅၀ လောက် ဝေပေးခဲ့တယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
More News
Up