ဝမ်းတွင်းတွင်

April 28, 2018

ဝမ်းတွင်းတွင် လေပြင်းတိုက်၍ ရွာ ၅ ရွာမှ အိမ်များနှင့် ဆေးပေးခန်း ပျက်စီး

  မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်မှာ ဧပြီ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ မိုးနဲ့အတူ လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် ရွာ ၅ ရွာက အိမ် ၁၆ လုံး နဲ့ ဆေးပေးခန်း ၁ ခု အမိုးလန်ပြီး အကာထရံတွေ ပျက်စီးသွားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။ ‎ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး ရုံးအုပ် ဦးအောင်ကျော်ဦးက “ဆူးပန်းရွာ၊ သခွတ်မြင့်ရွာ၊ သစ်ပုလွေကန်ရွာ၊ ခါတက်ကုန်းရွာတွေက ဧပြီလ ၂၆ ရက်နေ့မှာ လေဘေးသင့်တယ်။ ရိုးစုံရွာကတော့ ဧပြီလ ၂၇ ရက်ညနေက လေပြင်းတိုက်သွားတယ်။ ရိုးစုံရွာက ဆေးပေးခန်း အမိုးလန်ပျက်စီးသွားတယ်၊ လူနဲ့တိရစ္ဆာန် ထိခိုက်မှုမရှိပါဘူး။ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက အကူအညီပေးနေတယ်” လို့ ပြောပါတယ်။ ရိုးစုံရွာနေ ကိုစိုးဦးက "မိုးနဲ့လေ တပြိုင်တည်း တိုက်သွားတယ်။ ရွာကဆောက်ထားတဲ့ ကိုယ်ထူကိုယ်ထ ဆေးပေးခန်း ထရံ နဲ့ သက်ကယ်မိုး ပျက်စီးသွားတယ်။ လူနေအိမ်တွေလည်း ပျက်စီးတယ်။ မြို့နယ်အဖွဲ့တွေ လာပြီးကူညီပေးကြတယ်” လို့ ပြောပါတယ်။ ‎နှစ်စဉ်လိုလို ဧပြီ၊ မေလတွေမှာ ဝမ်းတွင်းမြို့နယ်အတွင်း လေဘေးဒဏ်ခံရလေ့ရှိပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီ ၁၇ ရက်နေ့က တကြိမ် လေပြင်းတိုက်ခဲ့ပြီး အခု ၁၀ ရက်ခြားပြီး ထပ်မံ လေပြင်းတိုက်တာဖြစ်ပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago

December 29, 2017

ဝမ်းတွင်းတွင် ဆိုင်ကယ်အရှိန်လွန်၍ ကားကိုဝင်တိုက်၊ ၁ ဦးသေ

ဝမ်းတွင်းမြို့နယ် ရန်ကုန်- မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၅၈/၀ မှာ ဒီဇင်ဘာ ၂၈ ရက် ညက ကင်တာကား နောက်ပိုင်းကို ဆိုင်ကယ်အရှိန်လွန် တိုက်မိပြီး အမျိုးသား ၁ ဦးသေဆုံးတယ် လို့ ဝမ်းတွင်းမြို့မရဲစခန်းက တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့ အမှတ်(၂)ရပ်ကွက်နေ ကိုဝင်းအောင် စီးလာတဲ့ဆိုင်ကယ် အရှိန်လွန်ပြီး လားရာတူမောင်းနေတဲ့ ကင်တာကားနောက်ပိုင်းကို တိုက်မိပြီး မန္တလေးဆေးရုံ ပို့ဆောင်စဉ် သေဆုံးသွားတယ် လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းဒုရဲအုပ်အောင်ကိုကိုက “ကိုဝင်းအောင်မှာ ဦးခေါင်းယာဖက်ချိုစောင်း ပေါက်တယ်၊ နဖူးပေါက်တယ် သတိမေ့နေတယ် ဝမ်းတွင်းဆေးရုံကနေ မန္တလေးဆေးရုံကို ပြောင်းတုန်း လမ်းမှာပဲသေဆုံးသွားတယ်။ ကင်တားကားကိုတော့ စုံစမ်းနေတယ်"လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက ကိုဝင်းအောင် ကို ယာဉ်မဆင်မခြင်မောင်းလို့ ပြင်းထန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ-၃၃၈ မှ လူသေဆုံးမှုရာဇသတ်ကြီးပုဒ်မ-၃၀၄(က) ကို ပြောင်းပြီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago
More News
Up