ဝမ်းတွင်း

March 22, 2019

ဝမ်းတွင်းတွင် လူနာ ၁၂၀၀ ကျော်ကို မိတ္ထီလာတပ်မတော်ဆေးရုံက အခမဲ့ကုသပေး

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းရွာ တိုက်ကျောင်း ဘုန်းတော်ကြီးကျောင်းမှာ မတ် ၂၁ ရက်က လူနာ ၁၂၀၀ ကျော်ကို တပ်မတော် ဆရာဝန်တွေက အခမဲ့ဆေးကုသပေးခဲ့ပါတယ်။ ပြည်တော်သာရွာ ပရဟိတအကျိုးဆောင် ကိုဇော်ဇော်က "ရွာကလူနာ ၂၄ ယောက်နဲ့ လာခဲ့တယ်၊ အဆင်ပြေပါတယ်။ လူနာပေါင်း ၁၂၀၀ ကျော်လောက် လာရောက်ဆေးကု ကြတာတွေ့ရတယ်။ မြို့နယ်အတွင်းက ရွာပေါင်း ၁၀၀ ကျော်လောက် လာတယ်လို့ ယူဆတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ၀မ်းတွင်းမြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဦးသာဇံက "ကျနော်တို့အဖွဲ့ကပဲ ကမကထ လုပ်ပြီး လူနာတွေ ဆေးကုပေးဖို့ လုပ်ပေးတာပါ။ ဆေးပေးတာတွေ၊ စမ်းသပ်တာတွေ၊ ဆေးကုတာတွေ အားလုံးကို အခမဲ့ လုပ်ပေးတာပါ" လို့ ပြောပါတယ်။ ဆေးလာကုတဲ့ ဒေါ်ငွေလှိုင်က "မြို့ပေါ်ကနေ လာတာပါ။ ဒီရွာမှာ ဆေးကုပေးနေတယ်ဆိုလို့ လာပြတာပါ။ အရင်ကတော့ မန္တလေးမှာ ကုနေတာ အဲစာရွက်စာတမ်းတွေလည်း ဒီက ဆရာဝန်တွေကို ပြတယ်၊ ထမင်း၊ လက်ဖက်၊ လက်ဖက်ရည် အားလုံး အခမဲ့ပါ အဆင်ပြေပါတယ်" လို့ ပြောပါတယ်။ မိတ္ထီလာအမှတ် ၁ တပ်မတော် ကုတင်၅၀၀ ဆေးရုံမှ ဗိုလ်မှုးကြီး ကျော်စိုးဝင်းဦးစီးပြီး ပါရဂူဆရာဝန် ၁၀ ဦး၊ ဆေးမှူး ၁၀ ဦး၊ သူနာပြု ၁၄ ဦးနဲ့ နယ်လှည့် ဆေးကုပေးတာပါ။ ဆေးရုံတက်ရောက်ကုသဖို့ လိုအပ်ပါက တပ်မတော်ဆေးရုံကို အခမဲ့ခေါ်ယူ ဆေးကုသပေးမှာ ဖြစ်ပါတယ်။ သတင်း-မောင်မောင်လင်း
3 years Ago

March 11, 2019

ဝမ်းတွင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ရွာကပြန်ဆပ်သည့် စိုက်ဘဏ်ချေးငွေ လုယက်ခံရ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၁/၆ နဲ့ ၇ အကြားမှာ သခွတ်မြင့်ရွာက ပြန်ဆပ်တဲ့ စိုက်ဘဏ်ချေးငွေ သိန်း ၆၀ ကျော် လုယက်ခံရတာကြောင့် မတ် ၁၀ ရက်နေ့မှာ အမှုဖွင့်လိုက်တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "ဖြစ်တာက မနေ့ကပါ။ ဒီနေ့အမှုလာဖွင့်ပါတယ်။ ပိုက်ဆံအိတ်ကို ဆိုင်ကယ်ခွကြားထဲမှာ ခြေထောက်နဲ့ ညှပ်လာတယ်၊ အဲတာကို ဆွဲလုသွားတယ် ပြောတယ်။ ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးဖို့ လုပ်ဆောင်နေပါတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။ ဖြစ်စဉ်မှာ သခွတ်မြင့်ရွာ အုပ်ချုပ်ရေးမှူး ဦးပြုံးလွင်ဟာ ရွာက ပြန်ဆပ်တဲ့ စိုက်ဘဏ်ချေးငွေ ၆၃ သိန်းကို ကိုယ်စားလှယ်အနေနဲ့ စိုက်ဘဏ်မှာ အပ်နှံပေးဖို့ သယ်ဆောင်လာခဲ့တာပါ။ မြေတိုင်ကန်ရွာ လမ်းခွဲအနီးမှာ အသက် ၃၀ ဝန်းကျင်ရှိ အမည်မသိ လူ ၂ ဦး ဆိုင်ကယ်နဲ့ လိုက်လာပြီး နောက်ခုံမှာထိုင်လာသူက ပိုက်ဆံအိတ်ကို လုယူသွားပါတယ်။ ဦးပြုံးလွင်ရဲ့ ညီဖြစ်သူ ကိုစိုးနိုင်က "အကိုတယောက်တည်း ဆိုင်ကယ်နဲ့ လာတာ၊ နောက်က ဆိုင်ကယ်နဲ့ လိုက်လာပြီး လုယူတာခံလိုက်ရတာ။ အဲလို အလုခံလိုက်ရတော့ အကိုက ကြောင်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ နောက်မှ စိုက်ဘဏ်ကို ဖုန်းဆက်တယ်၊ နောက်ရဲစခန်းကို ဆက်တယ်တဲ့၊ မနက် ၁၁ နာရီလောက်မှာ အလုခံလိုက်ရတာပါ။ ဒုစရိုက်သမားတွေ အတော်ရဲတင်းလာတယ်" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းမှာ လုယက်မှု အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ နဲ့ အမှုဖွင့်ပြီး စုံးစမ်းရှာဖွေနေပါတယ်။ သတင်း-မောင်မောင်လင်း
3 years Ago
More News
Up