ဝန်းရံ

September 27, 2021

လောင်းလုံးတွင် NLD ဝန်းရံသူအပါအဝင် အပြစ်မဲ့ပြည်သူ ၈ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာမှာ စက်တင်ဘာ ၂၆ ရက် ညနေ ၃ ရီကျော်ကျော်လောက်က NLD ပါတီ ဝန်းရံထောက်ခံတဲ့ ပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက မဲရုံမှာ NLD ကိုယ်စားလှယ်အဖြစ်နဲ့ လုပ်ဆောင်ခဲ့သူတွေပါဝင်ပြီး စာရင်းနဲ့တကွ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တဲ့အတွက် တစ်ယောက်ယောက်က တိုင်ကြားထားတာဖြစ်နိုင်တယ်လို့ ဒေသခံတဦး ပြောပါတယ်။

ဒါ့အပြင် ကုန်းဇရပ်ကျေးရွာမှာလည်း ညနေ ၄ ‌နာရီကျော်ကျော်လောက်က စစ်ကောင်စီတပ်တွေ နေအိမ်တွေကိုဝင်ရောက်ရှာဖွေပြီး ဆန္ဒပြရာမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုပြသ မေးမြန်းရာမှာ မသိဘူးပြောတဲ့အတွက် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ကနေ အကြမ်းဖက်ဖမ်းဆီး ပစ်ခတ်မှုတွေကြားထဲက ကျောင်းသားလူငယ်တွေအပါအဝင် ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ် ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း လောင်းလုံးမြို့နယ်ထဲမှာ ဖမ်းဆီးစစ်ဆေးမှုတွေများပြားနေပြီး Mytel တာဝါတိုင်တွေမှာလည်း စစ်ကောင်စီတပ်သားတွေက မိုင်းထောင်မှုတွေပြုလုပ်နေပါတယ်။

4 weeks Ago
Up