ဝန်ထမ်း

March 24, 2023

နေပြည်တော် လမ်းလျှောက်သင်္ကြန် စည်ကားစေရန် ဝန်ထမ်းများကို နေရပ်မပြန်ခိုင်း

နေပြည်တော်မှာ ကျင်းပမယ့် လမ်းလျှောက်သင်္ကြန်ပွဲတော် စည်ကားစေဖို့အတွက် စစ်ကောင်စီ ဝန်ကြီးဌာနတချို့ရဲ့ ဝန်ထမ်းတွေကို နေရပ်မပြန်ရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

“ဟုတ်တယ်၊ ကျနော်တို့ဌာနကတော့ သင်္ကြန်ရုံးပိတ်ရက်ကို ခွင့်မပေးဘူးတဲ့။ လမ်းလျှောက်သင်္ကြန်မှာ ပါဝင်ရမယ်လို့တော့ ပြောတယ်။ သင်္ကြန်ကာလ ဝန်ထမ်းတွေ နေရပ်ပြန်ချင်ကြပေမဲ့ အခုလို ညွှန်ကြားချက်ကြောင့် မပြန်ရတော့ဘူး။”

ဒါပေမဲ့ သင်္ကြန်ကာလ ခွင့်မပြန်ရ‌သူတွေကို သင်္ကြန်ပြီးရင် ခွင့် ၁၀ ရက် အစားထိုးခွင့်ပြန်ပေးမယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်းက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ လမ်းလျှောက်သင်္ကြန်အတွက် နေပြည်တော်စည်ပင်ရိပ်သာ မီးပွိုင့်ကနေ မြိုတော်ခန်းမထိ လမ်းတလျှောက်မှာ မဏ္ဍပ်အသေးနှစ်ခုကို တည်ဆောက်နေပြီး မြို့တော်ဝန်မဏ္ဍပ်ကိုလည်း တည်ဆောက်နေတယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ဝန်ကြီးဌာနပေါင်းစုံ ရုံးစိုက်ထားပြီး လမ်းလျှောက်သင်္ကြန်ကို စစ်ကောင်စီက အစည်ကားဆုံးဖြစ်အောင်ကြိုးစားလုပ်ဆောင်နေသလို တော်လှန်ရေးအင်အားစုတွေ ဘက်ကတော့ စစ်ကောင်စီရဲ့သင်္ကြန်မှာ မပူးပေါင်းကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

2 days Ago

March 16, 2023

"စောင်နီလေးတစ်ထည်" ဝါဒဖြန့်ဇာတ်ကားကို ဝန်ထမ်းများကြည့်ရှုရန် စစ်ကောင်စီ ညွှန်ကြား

စစ်ကောင်စီက တိုင်ရင်းသားလက်နက်ကိုင်များအပေါ်အထင်အမြင်လွဲမှားစေဖို့ ရည်ရွယ်ပြီး ဝါဒဖြန့်ရိုက်ကူးထားတဲ့ "စောင်နီလေးတစ်ထည်" ရုပ်ရှင်ကားကို တပ်မိသားစုနဲ့ ဌာနဆိုင်ရာဝန်ထမ်းများကို ဖိအားပေးကာ မဖြစ်မနေ ကြည့်ရှု့ခိုင်းတယ်လို့ ဝန်ထမ်းအသိုက်အဝန်းက သိရပါတယ်။

တိုင်းပြည်ကို စစ်ကောင်စီတပ်က အသက်ပေးကာကွယ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုင်းပြည်ဖျက်ဆီးသူတွေအဖြစ် ပုံဖော်ရိုက်ကူးကားတဲ့ ဇာတ်ကားဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ပြန်ကြားရေး ဝန်ထမ်းတဦးက ပြောပါတယ်။

"သူတို့ဘာသာရိုက်ပြီး မြဝတီတို့ မြန်မာ့အသံတို့က လွှင့်တာပြသာနာမရှိပေမဲ့ ရုပ်ရှင်ရုံတွေမှာ ဝန်ထမ်းတွေကို ကြည့်ခိုင်းတာတော့ အဆင်မပြေဘူး၊ ဌာနဆိုင်ရာဝန်ထမ်းတွေကိုကြည့်ဖို့ ဖိအားပေးတာတွေ ရှိတယ်။" 

အဆိုပါ ဝါဒဖြန့်ဇာတ်ကားကို မတ် ၁၉ ရက်မှ စတင်ကာ ရန်ကင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ မြဝတီမီဒီယာစင်တာ Star Cinema ကနေ လူတယောက်ကို ၅,၀၀၀ ကျပ်၊ ၁၀,၀၀၀ ကျပ်နဲ့ ပွဲချိန်နှစ်ချိန် ပြသမယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"တပ်ရင်း တပ်ဖွဲ့က လူတွေ ကြည့်ရမှာပေါ့။ နေပြည်တော်မှာဆို ပြန်ကြာရေးက ဝန်ထမ်းတွေ ကြည့်ရမှာ။ ပြည်ထဲရေးနဲ့ ကာကွယ်ရေးက လူတွေလည်းပါတယ်။ ပြောရရင် ပြည်သူတွေ အားပေးကြတယ်ပေါ့၊ အဲ့လိုမြင်စေချင်တာ။" 

အဆိုပါဇာတ်ကားအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများတဦးလျှင် ၅ ထောင်မှ ၁ သောင်းပေးကြည့်ရမှာဖြစ်တဲ့အတွက် တပ်အတွင်းမကျေနပ်သူတွေလည်း ရှိတယ်လို့ စစ်မှုထမ်းဟောင်းတဦးက ပြောပါတယ်။

"အခုဆို စစ်မှုထမ်းမှာ ဘာဝင်ငွေမှ ရှိတာမဟုတ်ဘူး။ အဲ့ဒါကို တမြို့နယ်ကို လက်မှတ်အစောင် ၅၀၊ မြို့ကြီးရင် ၁၀၀ အားပေးရမယ်။ ကြည့်ချင်ကြည့် မကြည့်ချင်ပြန်ရောင်းဆိုတော့ ဒီကားကို ဘယ်သူက လာကြည့်မှာလဲ၊ အလကားပေးတာတောင် ကြည့်မဲ့သူမရှိဘူး။ အဲ့ဒီနေ့လူပြည့်နေရင် သေချာတယ်၊ ဝန်ထမ်းနဲ့စစ်တပ်က လူတွေပဲ။" 

စောင်နီလေးတစ်ထည် ဇာတ်ကားကို TV က မပြခင် ရုပ်ရှင်ဗားရှင်းအနေနဲ့ တပတ်လောက်စောပြီး ၁၉ ရက်မှ ၂၅ ရက်အတွင်းပြသမှာဖြစ်ပြီး ရန်ကုန်မှာ သမ္မတ၊ JCGV၊ Star Cinema၊မန္တလေး- ဝင်းလိုက် နဲ့ နေပြည်တော် - ဥတ္တရသီရိ Ocean JCGV၊ ဇေယျာသီရိ တို့မှာ ပွဲချိန်နှစ်ချိန်ပြသမှာဖြစ်ပါတယ်။

အဆိုပါ "A RED BLANKET စောင်နီလေးတစ်ထည်" ကို စစ်ကောင်စီရဲ့ဝါဒဖြန့်ဇာတ်ကားများ ရိုက်ကူးနေတဲ့ ဒါရိုက်တာတင်အောင်စိုး (ပန်းမြို့တော်) ရိုက်ကူးပြီး ရန်အောင်၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ L ဆိုင်းဇီ၊ ကျော်ဇောဟိန်းနဲ့ နေနော် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းရိုက်ကူးခဲ့တာဖြစ်ပါတယ်။

1 week Ago
More News
Up