ဝန်ခြုံးကျေးရွာ

August 4, 2021

ဝန်ခြုံးကျေးရွာတွင် စစ်တပ်က တပ်စွဲထားသဖြင့် စစ်ရှောင်ပြည်သူများ ရွာမပြန်နိုင်ဘဲ အခက်အခဲ ဖြစ်နေ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်ခြုံးကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေက တပ်စွဲနေထိုင်နေကြလို့ ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ရေးနဲ့ စားသောက်ရေးအတွက် အခက်အခဲဖြစ်နေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“အသက်ကြီးသူတွေ၊ ကလေးတွေပါ စစ်ဘေးရှောင်ကြရတာ။ ရွာမှာ သူတို့က တပ်စွဲထားလို့ ရွာလည်း မပြန်ရဲကြဘူး။ တောထဲမှာပဲ ဖြစ်သလို နေနေကြရတယ်။ မိုးတွင်းဆိုတော့ နေဖို့ကအစ အခက်အခဲရှိတယ်။ အဓိကကတော့ ရိက္ခာပေါ့။ ရိက္ခာကကုန်နေပြီ။ ရွာပြန်ပြီးတော့လည်း သွားမယူရဲကြဘူး။ ကူရာမဲ့နေကြတာပေါ့” လို့ စစ်ဘေးရှောင်ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ဝန်ခြုံးကျေးရွာအနီးက ပင်တောင်ကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေဟာ စစ်သား ၄ ယောက်ကို အခကြေးငွေနဲ့ ငှားရမ်းထားတယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင်တွေအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “သူတို့ ပျူစောထီးတွေက စစ်သားရှိတယ်ဆိုပြီး မိုက်နေကြတာ။ ပင်တောင်ရွာမှာ အိမ်ခြေ ၂၀၀ လောက်က တစ်အိမ်ကို ၅၀၀၀ စီစုပြီး စစ်တပ်ဆီကနေ စစ်သား ၄ ယောက် ငှားထားတယ်။ အဲဒီစစ်သား ၄ ယောက်နဲ့ ပျူစောထီး ၂၀ လောက်နဲ့က ဝန်ခြုံးရွာကိုလာပြီး တပ်စွဲထားကြတာ။ ရွာထဲကနေလည်း စစ်ဘေးရှောင်တွေနေတဲ့ တောတောင်တွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တတ်လို့ ရွာနားကို မကပ်ရဲကြဘူး”လို့ ပြောပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဝန်ခြုံးကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၃ လုံး မီးရှို့ခဲ့ပြီး နေအိမ် ၅၀ နီးပါးကို ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲကို ထွက်ပြေးပြီး စစ်ဘေးရှောင်နေရတဲ့ ဝန်ခြုံး ဒေသခံ ၁၀၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

2 months Ago

July 31, 2021

မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဝန်ခြုံးကျေးရွာ နေအိမ်အချို့နှင့် စစ်ဘေးရှောင်များ (ဓာတ်ပုံ)

ပေါက်မြို့နယ်တောင်ပိုင်း၊ ဝန်ခြုံးကျေးရွာမှာ ဒီနေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်အချို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တွေ့ရစဉ်။

3 months Ago

ပေါက်မြို့နယ် ဝန်ခြုံးကျေးရွာ နေအိမ်‌အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ဝန်ခြုံးကျေးရွာ မြောက်ပိုင်းက ပြည်သူတွေရဲ့ နေအိမ်‌တွေကို ဒီနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၃ လုံး မီးလောင်သွားပြီး ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။

ကျေးရွာသားတစ်ဦးက “မနက်က တောင်ပိုင်း PDF နဲ့ ပျူစောထီးအဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ၃ ယောက်သေတယ်။ အဲ့တာကိုအကြောင်းရှာပြီးတော့ ဘာမှမဆိုင်တဲ့ ကျနော်တို့ရွာကို မီးလာရှို့တယ်” လို့ ပြောပါတယ်။

ကျေးရွာအတွင်းကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်နေတာကြောင့် ပြည်သူတွေ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မီးရှို့သွားတဲ့ ဝန်ခြုံးကျေးရွာမှာ အိမ်ခြေ ၂၃၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

3 months Ago
Up