အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်မှာ အောက်တိုဘာ ၃ ရက်က အငြင်းပွားဖွယ် လယ်ယာဥပဒေတွေကို ဆန့်ကျင်ဆန္ဒပြပွဲမှာ ချီတက်လာတဲ့ လယ်သမား ၂ ယောက်ကို ပြည်ထောင်စုဝန်ကြီးတယောက်နဲ့ ပတ်သက်တဲ့ ကားတစီးက ဝင်တိုက်မိလို့ လူ ၈ ဦး သေဆုံးကာ အကြမ်းဖက် အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဝင်တိုက်တဲ့ကားဟာ ပြည်ထဲရေးဝန်ကြီးဌာန အငယ်တန်းဝန်ကြီး အဂျေးမီရှရာတိုင်နီရဲ့ သားက ပိုင်တဲ့ကားလို့ လယ်သမားတွေက စွပ်စွဲပြီး ကားနဲ့အတိုက်ခံရတဲ့ လယ်သမားတွေ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ဝန်ကြီး မီရှရာကတော့ သူ့သားဟာ အခင်းဖြစ်တဲ့နေရာမှာ မရှိနေခဲ့ဘူး၊ ဒါပေမဲ့ ဥပဒေ ချိုးဖောက်သူတွေက ကားကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်အပြီး ကားကို တုတ်တွေ၊ ဓားတွေနဲ့ တိုက်ခိုက်အပြီးမှာ သူ့ယာဉ်မောင်းက မောင်းလာတဲ့ကားကို မထိန်းချုပ်နိုင်ဘဲ လယ်သမားတွေကို တိုက်မိခဲ့တာလို့ ပြောပါတယ်။
အိန္ဒိယမှာ စိုက်ပျိုးရေးဆိုင်ရာ ဆန္ဒပြပွဲတွေ အချိန်အတော်ကြာဖြစ်နေပြီး လယ်ယာမြေစနစ် ပြုပြင်ပြောင်းလဲရေးဟာ သူတို့ရဲ့ လူနေမှုဘဝကို ခြိမ်းခြောက်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။
သူတို့ဟာ နယူးဒေလီ မြို့တော်ကိုသွားတဲ့ အဝေးပြေးလမ်းတွေပေါ်မှာ သပိတ်စခန်း တည်ပြီး ဆန္ဒပြနေတာ လချီပြီး အချိန်ကြာနေပါပြီ။
ဆန်တွေ၊ ဂျုံတွေအတွက် အနိမ့်ဆုံးဈေးကို အာမခံပေးထားတဲ့ ကာလကြာရှည်ရှိနေတဲ့ လုပ်ငန်းစဉ်ကို ဥပဒေသစ်က တိုက်စားပစ်လိမ့်မယ်လို့ လယ်သမားတွေက ပြောရင်း ဥပဒေသစ်ကို မကျေမနပ် ဖြစ်နေတာပါ။
လာမယ့်နှစ် ရွေးကောက်ပွဲမတိုင်ခင် ဥတ္တာပရာဒေ့ရှ်ပြည်နယ်မှာ ဆန္ဒပြပွဲတွေ အရှိန်ရလာနေပါတယ်။ သြဇာကြီးတဲ့ လယ်သမားခေါင်းဆောင် အုပ်စုတစုက ဝန်ကြီးချုပ် နရင်ဒြာမိုဒီ အစိုးရကို ဥပဒေ ပြန်ရုပ်သိမ်းဖို့ ဖိအားတွေ ပိုမြှင့်ပေးနေတယ်လို့ ရိုက်တာက ရေးသားထားပါတယ်။