ဝန်ကြီးချုပ် မိုဒီ

December 16, 2020

လယ်သမားများ၏ လယ်ယာမြေကို သိမ်းယူမည်မဟုတ်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကတိပေး 

အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာမိုဒီက သူ့အစိုးရရဲ့ စိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ဒီဇင်ဘာ ၁၅ ရက်က ကျောထောက်နောက်ခံပေးလိုက်ပါတယ်။ ဆန္ဒပြသူတွေဟာ စိုက်ပျိုးရေးဆိုင်ရာဥပဒေနဲ့ ပတ်သက်ပြီး အလွဲသတင်းပေးတာ ခံခဲ့ရလို့ ဆန့်ကျင်နေတာလို့လည်း မိုဒီက ပြောလိုက်ပါတယ်။ ဥပဒေသစ်အောက်မှာ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို သူတို့ဆီကနေ သိမ်းယူမှာ မဟုတ်ဘူးလို့ မိုဒီက ဂူဂျာရတ်ပြည်နယ်မှာ ပြောတဲ့ မိန့်ခွန်းမှာ ပြောပါတယ်။ လယ်သမားတွေ နားလည်မှု ရှုပ်ထွေးကုန်အောင် အကြီးအကျယ် လျှို့ဝှက်ပူးပေါင်း ကြံစည် လုပ်ဆောင်ထားတာ ရှိနေတယ်လို့လည်း မိုဒီက ပြောပါတယ်။ ကြမ်းခင်းဈေး သတ်မှတ်ရောင်းချနိုင်ပြီး အစိုးရက စည်းမျဉ်း သတ်မှတ်ပေးထားတဲ့ လက်ကားဈေးတွေမှာသာမကဘဲ ဝယ်သူတွေဆီကိုပါ ကုန်စည်တွေ တိုက်ရိုက်ရောင်းခွင့်ပြုတဲ့ စိုက်ပျိုးရေးကဏ္ဍ စည်းမျဉ်းကို ပြန်ရုပ်သိမ်းပေးဖို့ လယ်သမားတွေ ဆန္ဒပြနေတာပါ။ စပါးနဲ့ ဂျုံလို ကောက်ပဲသီးနှံတွေအတွက် ကြမ်းခင်းဈေး သတ်မှတ်ချက် မရှိတော့တဲ့အခါ ဝယ်သူစိတ်တိုင်းကျ ရာဖြတ်လုပ်တာ ခံရမှာကိုလည်း သူတို့က စိုးရိမ်နေပါတယ်။ ဥပဒေ ၃ ရပ် ပါဝင်တဲ့ ပြုပြင်ပြောင်းလဲရေးမှာ လယ်ယာထွက်ကုန်တွေကို သိုလှောင်တာ၊ ဈေးနှုန်းသတ်မှတ်တာနဲ့ ရောင်းချတာ စတဲ့ ၃ ဆင့်မှာ စည်းမျဉ်းတွေကို ဖြေလျှော့ထားပြီး စက်တင်ဘာ ၃ ရက်မှာ အသက်ဝင်ပါတယ်။ ပန်ဂျပ်ပြည်နယ်နဲ့ နယ်နီးချင်း ဟာယာနပြည်နယ်တွေက လယ်သမားတွေဟာ အစိုးရရဲ့ စိုက်ပျိုးရေး ဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြနေတာ သီတင်းပတ် ၃ ပတ် ရှိနေပါပြီ။ သူတို့ဟာ မြို့တော် နယူးဒေလီနဲ့ ပတ်ဝန်းကျင်မှာ သပိတ်စခန်းတွေဖွင့်ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်မှာတော့ တရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရ အရာရှိတွေနဲ့ လယ်သမားသမဂ္ဂ ခေါင်းဆောင်တွေကြား ၆ ကြိမ် ကျင်းပတဲ့ ဆွေးနွေးပွဲတွေမှာလည်း ဒီကိစ္စရပ်တွေကို မဖြေရှင်းနိုင်ခဲ့လို့ မိုဒီအစိုးရအတွက် ဖိအားအများဆုံး ကိစ္စ ဖြစ်လာနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
9 months Ago

June 18, 2020

အိန္ဒိယအနေဖြင့် မည်သည့်ရန်စမှုကိုမဆို တုံ့ပြန်မည်ဟု ဝန်ကြီးချုပ် မိုဒီပြော

အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံနဲ့  ငြိမ်းချမ်းရေး ရလိုပေမယ့် ဘယ်ရန်စမှုမျိုးကိုမဆို တုံ့ပြန်သွားမယ်လို့ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဇွန်  ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။  ဇွန် ၁၅ ရက်က အိန္ဒိယ-တရုတ်နယ်စပ် ဂေါ်ဝန်တောင်ကြားမှာ ဖြစ်ခဲ့တဲ့ နှစ်ဘက် စစ်သားတွေရဲ့  ရန်ပွဲအတွင်း အိန္ဒိယစစ်သား အယောက်  ၂၀  သေဆုံးခဲ့ပြီးနောက် ဝန်ကြီးချုပ် မိုဒီက အခုလို ပြောဆိုလိုက်တာပါ။   တရုတ်စစ်သားတွေနဲ့ဖြစ်တဲ့ ရန်ပွဲအတွင်း အိန္ဒိယစစ်သားတွေဟာ သံရိုက်ထားတဲ့တုတ်တွေ၊ ကျောက်ခဲတွေနဲ့  ရိုက်နှက် ပစ်ပေါက်ခံရတယ်လို့  အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။   နှစ်နိုင်ငံအကြား တင်းမာမှု လျော့ကျရေး နည်းလမ်းတွေကို ဆွေးနွေးတဲ့ ဇွန် ၁၅ ရက်ည  အစည်းအဝေးအတွင်း ရန်ပွဲဖြစ်ခဲ့ပြီး အိန္ဒိယဘက်ခြမ်းက တပ်မှူး  ဗိုလ်မှူးကြီးတစ်ဦးဟာ ပထမဆုံး ရိုက်သတ်ခံရတယ်လို့  အိန္ဒိယအစိုးရသတင်းရင်းမြစ်တွေက ဆိုပါတယ်။  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျိုးကျိလင်းကတော့ အိန္ဒိယစစ်သားတွေ ဟာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာခဲ့ပြီး တရုတ်စစ်သားတွေကို ရန်စ တိုက်ခိုက်ခဲ့တာ ကြောင့်  နှစ်ဖက်ပြင်းထန်တဲ့ ပဋိပက္ခဖြစ်ခဲ့ပြီး  သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။   ကျိုးကျိလင်းက  တရုတ်စစ်သား ဒဏ်ရာရ၊ သေဆုံး အရေအတွက်ကို မသိဘူးလို့ ပြောဆိုပေမယ့်  အိန္ဒိယမီဒီယာကတော့  တရုတ်ဘက်မှာ ၄၅ ယောက်ထက်မနည်း သေဆုံးဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။ 
1 year Ago
Up