ဝန်ကြီးချုပ်ပြောဆိုချက်

May 6, 2020

မွန်ပြည်နယ်၌ အသက်ရှူအကူစက် ventilator ၄ လုံးသာရှိ၊ ဝန်ကြီးချုပ်ပြောဆိုချက်နှင့် ကွဲလွဲနေ

မွန်ပြည်နယ် တစ်ခုလုံးမှာ အသက်ရှူအကူစက် ventilator ၄ လုံးသာ ရှိတယ်လို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူးက ပြောပါတယ်။  မွန်ပြည်နယ် ဝန်ကြီးချုပ်ကတော့ မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အွန်လိုင်းကနေ အပြန်အလှန်ဆွေးနွေးရာမှာ COVID-19 ရောဂါကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မွန်ပြည်နယ်မှာ အသက်ရှူအကူစက် ventilator ၈ လုံးအထိ ပြင်ဆင်ထားတယ်လို့ တင်ပြခဲ့တာပါ။  ဒါပေမဲ့ လက်တွေ့မှာတော့ ပြည်နယ်တခုလုံးမှာ အထူးကြပ်မတ်ကုသနိုင်တဲ့ အသက်ရူဲ အကူစက်  ventilator  ၄ လုံးသာ ရှိပြီး   ၄ လုံးစလုံးကို မော်လမြိုင် ပြည်သူ့ဆေးရုံမှာ ထားရှိတာလို့  မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ  တင်ပြရာမှာ အသက်ရှူအကူစက် ventilator မော်လမြိုင်မှာ ၄ လုံး၊ သထုံမှာ ၂ လုံး၊ ရေးမြို့နယ်မှာ ၂ လုံး ရှိနေတယ်လို့ တင်ပြခဲ့တာပါ။ ခုလို မွန်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အချက်အလက် မှားယွင်းတင်ပြခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး ရေးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက အခုလို အချက်အလက် မှားယွင်းတာဟာ မဖြစ်သင့်ကိစ္စရပ်တခု ဖြစ်တယ်လို့ ပြောပါတယ်။ မွန်ပြည်နယ်မှာ ရှိနေတဲ့ အသက်ရှူအကူစက် ventilator ၄ လုံးမှာ ၂ လုံးဟာ အရင်ကတည်းက ရှိနေတာ ဖြစ်ပြီး ကျန် ၂ လုံးကတော့ အသစ် ရောက်ရှိထားတာပါ။  အသစ်ရောက်ရှိထားတဲ့ စက် ၂ လုံးကိုတော့ COVID- 19 ရောဂါ အရေးပေါ် လူနာတွေကို ကုသပေးဖို့ မော်လမြိုင်က Isolation ward ထဲမှာ အသင့်ထားရှိပါတယ်။  ဇော်လွင်ထွဋ်  
11 months Ago
Up