ဝန်ကြီးချုပ်နေတန်ယာဟု

November 25, 2020

နှစ်ရှည်အကျဉ်းသား အစ္စရေးသူလျှိုဟောင်းကို ဝန်ကြီးချုပ်နေတန်ယာဟု ကြိုဆို

အစ္စရေးအတွက် သူလျှိုလုပ်ပေးမှုနဲ့ အမေရိကန်ထောင်ထဲမှာ နှစ် ၃၀ နေခဲ့ရတဲ့ အမေရိကန် နိုင်ငံသား ဂျိုနသန်ပေါလာ့ဒ်ကို နွေးနွေးထွေးထွေး ကြိုဆိုပြီး အစ္စရေးနိုင်ငံထဲမှာ သက်တောင့်သက်သာဘဝနဲ့ထားဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကတိပြုလိုက်ပါတယ်။ နေတန်ယာဟုက “ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်းမှာတောင်မှ ကျနော်တို့က ခင်ဗျားကို ရင်ဖွင့် ကြိုဆိုရင်း စောင့်နေကြပါတယ်။ အစ္စရေး ပြည်သူတွေရဲ့ ဟန်မဆောင်တဲ့ လက်ခံယုံကြည်မှုကို ခင်ဗျား လက်ခံရမှာပါ” လို့  ပေါလာ့ဒ်တို့ ဇနီးမောင်နှံကို နိုဝင်ဘာ ၂၃ ရက်က ဖုန်းပြောဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံကို ဝန်ကြီးချုပ်ရုံးက နိုဝင်ဘာ ၂၄ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။  အမေရိကန် ရေတပ်ထောက်လှမ်းရေး အကဲခတ်ဟောင်း ပေါလာ့ဒ်ဟာ ၁၉၈၅ ခုနှစ်မှာ ဝါရှင်တန်မြို့တော်က အစ္စရေးသံရုံးအပြင်ဘက်မှာ အဖမ်းခံခဲ့ရတာပါ။ သူဟာ အဲဒီအချိန်က သံရုံးမှာ ခိုလှုံခွင့်တောင်းခဲ့ပေမယ့် သံရုံးက ငြင်းပယ်ခဲ့အပြီး ၁၉၈၇ မှာ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ အကျဉ်းသားကို ပြစ်ဒဏ်မစေ့ခင် ခံဝန်ချက်နဲ့ လွှတ်ပေးတဲ့ ကန့်သတ်ချက်က နိုဝင်ဘာ ၂၀ ရက်မှာ သက်တမ်းကုန်ခဲ့ပါတယ်။ ပေါလာ့ဒ်တို့ ဇနီးမောင်နှံက အစ္စရေးမှာ နေဖို့ သွားမယ်လို့ ပြောပေမယ့် ဘယ်တော့ ခရီးထွက်မယ်ဆိုတဲ့ ရက်စွဲကို မကြေညာသေးပါဘူး။ တက်ဆပ်ပြည်နယ်ဖွား ပေါလာ့ဒ်ဟာ ထောင်ထဲမှာ ရှိနေချိန်တည်းက အစ္စရေး နိုင်ငံသား ဖြစ်ခွင့်ရခဲ့တာပါ။ အစ္စရေး အစိုးရက သူ ပြန်လွတ်ရေးအတွက် ကာလကြာရှည် ကြိုးစားခဲ့ပေမယ့် အမေရိကန်သမ္မတ အဆက်ဆက်က ငြင်းပယ်ခဲ့ပါတယ်။ ပေါလာ့ဒ်ဟာ ဒေါ်လာထောင်ချီရရေးအတွက် သူ့ရဲ့ ရေတပ် ထောက်လှမ်းရေးစခန်းထဲက ရသမျှ စာရွက်စာတမ်း ရာချီကို အစ္စရေး အဆက်အသွယ်တွေကို ပေးခဲ့မှုနဲ့ ပတ်သက်ပြီး သူလျှိုမှုမှာ ကြံရာပါအဖြစ် ၁၉၈၆ မှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက အစ္စရေးအစိုးရကို ပေးတဲ့ လက်ဆောင်ရဲ့ အစိတ်အပိုင်းအနေနဲ့ ပေါလာ့ဒ်အပေါ် ချမှတ်ထားတဲ့ အသွားအလာ ကန့်သတ်ချက်တွေကို ထပ်ပြီး မချမှတ်ဖို့ အမေရိကန် တရားရေးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။
5 months Ago
Up