ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး ဆန္ဒပြသူ

August 11, 2021

ဘန်ကောက်တွင် ဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ဆက်လက်ဆန္ဒပြ၊ ၄၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ခုတပတ်တွင်း ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး ဆန္ဒပြမှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေရာမှာ ဩဂုတ် ၁၀ ရက်  ကားတွေနဲ့ ဆိုင်ကယ်တွေ ဟွန်းတီးပြီး ဆန္ဒထုတ်ဖော်တဲ့ ဆန္ဒပြပွဲကတော့ ပိုပြီးပြင်းထန်လာတဲ့ အခြေအနေမှာ ရှိပါတယ်။

ထမဆတ်မဟာမိတ်အဖွဲ့ဦးဆောင်တဲ့ ဆန္ဒပြသူတွေဟာ ယမန်နေ့ မွန်းလွဲ ၁ နာရီလောက်ကစ ရာ့ချ်ပဆုန်လမ်းဆုံမှာ လာရောက်စုစည်းခဲ့ကြပါတယ်။ 

အဲဒီနောက် ကျန်းမာရေးဝန်ကြီးပိုင် စီနိုထိုင်းကုမ္ပဏီ၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးပိုင် ထမနတ်ကုမ္ပဏီ၊ အစိုးရကိုထောက်ပံ့ပေးနေတဲ့ ကင်းပါဝါကုမ္ပဏီ နဲ့ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချား၊ ကာကွယ်ရေးဒုဦးစီးချုပ် ပရဝစ်တို့ရဲ့ နေအိမ်တွေဆီ ဆိုင်ကယ်ဟွန်းတီးပြီး ဦးတည်ခဲ့ပါတယ်။ 

စီနိုထိုင်းကုမ္ပဏီနဲ့ ထမနတ်ကုမ္ပဏီရှေ့မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးသွားရတဲ့ အလောင်းပုံစံ အရုပ်တွေကို ပြန့်ကျဲချထားပြီး ပြည်သူ့ကျန်းမာရေးကိစ္စ ကိုင်တွယ်မှု ညံ့ဖျင်းလို့ ခြွင်းချက်မရှိ နုတ်ထွက်ပေးဖို့၊ ဝန်ကြီးအဖြစ်က နုတ်ထွက်ပြီး ပြည်သူနဲ့လာရောက်ပူးပေါင်းဖို့၊ အစိုးရဝန်ထမ်းတွေလည်း CDM လုပ်ပြီး ပြည်သူနဲ့ပူးပေါင်းဖို့၊ အစိုးရသစ်တစ်ရပ် ပြန်လည်ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

အဲဒီနောက် ကင်းပါဝါကုမ္ပဏီနဲ့ ဝန်ကြီးချုပ်အိမ်ကို ဦးတည်လာခဲ့ရာလမ်းမှာ လုံခြုံရေးရဲ တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေ ပစ်ဖောက်လူစုခွဲခဲ့ပါတယ်။  

ဆန္ဒပြသူဘက်ကလည်း လုံခြုံရေး ရဲတွေရှိရာဘက်ကို အော်ဟစ်ဆဲဆိုကာ ဗြောက်အိုးတွေနဲ့ ပစ်ဖောက်ခဲ့လို့ ရဲ ၄ ဦး ဒဏ်ရာရသွားပါတယ်။ 

တဖက်နဲ့တဖက် အဓိကရုဏ်းဖြစ်ရာမှာ ကားတာယာတွေလည်း မီးရှို့ထားပြီး ဒင်းဒဲန်းနယ်မြေထဲက လုံခြုံရေးရဲကင်း တစ်ခုနဲ့ ဖယားထိုင်းနယ်မြေထဲက လုံခြုံရေးရဲကင်း တစ်ခုပါ မီးလောင်သွားပြီး ဘယ်သူ့လက်ချက်လဲဆိုတာတော့ မသိရသေးပါဘူး။ 

ညနေ ၅ နာရီလောက်မှာ ဆန္ဒပြသူဘက်က ဒီကနေ့ ဆန္ဒပြမှုရပ်နားကြောင်း ကြေညာပါတယ်။ ဒါပေမဲ့ နေရာအချို့မှာ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ည ၉ နာရီလောက်မှ အခြေအနေငြိမ်သွားပါတယ်။ 

ဩဂုတ် ၁၀ ရက် ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှာ လူ ၄၂ ဦးနဲ့ ဆိုင်ကယ်အစီးရေ ၁၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ထိုင်းလူ့အခွင့်အရေးဆိုင်ရာရှေ့နေအဖွဲ့က ထုတ်ပြန်ပါတယ်။ 

သူတို့အားလုံးကို အရေးပေါ်ထုတ်ပြန်ကြေညာချက်ဥပဒေဖီဆန်မှုနဲ့ စွဲချက်တင်ထားကြောင်း၊ အဲဒီထဲမှာ လူငယ် ၁၄ ဦး ပါဝင်ပြီး ၂ ဦး ပြန်လွှတ်လာကြောင်း၊ ကျန်လူငယ်တွေကို လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားပြီး ကျန်သူတွေကိုတော့ ဒုဆစ်နယ်မြေတရားရုံးအချုပ်ခန်းမှာ ထိန်းသိမ်းထားတယ်လို့ ထိုင်းရှေ့နေများအဖွဲ့က ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ နေ့စဉ် ၂ သောင်းခန့်မြင့်တက်နေပြီး ကာကွယ်ဆေး မလုံလောက်မှုပြဿနာ၊ လူနာခုတင်မလောက်ငတဲ့ပြဿနာ၊ အလုပ်လက်မဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရလို့ စီမံမှုညံ့ဖျင်းတဲ့ ဝန်ကြီးချုပ်နဲ့အစိုးရ နုတ်ထွက်ပေးရေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

4 months Ago
Up