ဝန်ကြီးချုပ် နဝပ်ရှရစ်ဖ်ကို ရာထူးမှ ဖယ်ရှားနိုင်ခဲ့သည့် အောင်ပွဲအဖြစ် လူထုစည်းဝေးပွဲ ပြုလုပ်

July 31, 2017

ဝန်ကြီးချုပ် နဝပ်ရှရစ်ဖ်ကို ရာထူးမှ ဖယ်ရှားနိုင်ခဲ့သည့် အောင်ပွဲအဖြစ် လူထုစည်းဝေးပွဲ ပြုလုပ်

ပါကစ္စတန်ဝန်ကြီးချုပ် နဝပ် ရှရစ်ဖ်ကို ရာထူးကနေ ဖယ်ရှားခဲ့တဲ့ အောင်ပွဲအဖြစ်  အတိုက်အခံ နိုင်ငံရေးသမား အင်မ်ရန်ခန်းကို ထောက်ခံသူ ထောင်နဲ့ချီဟာ ဇူလိုင် ၃၀ ရက်နေ့က မြို့တော် အစ္စလာမ္မာဘတ်မှာ လူထုစည်းဝေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဇူလိုင် ၂၈ ရက်နေ့က ပါကစ္စတန် တရားရုံးချုပ်ဟာ ဝန်ကြီးချုပ် နဝပ် ရှရစ်ဖ်ကို သားဖြစ်သူရဲ့ ဒူဘိုင်းအခြေစိုက် ကမ္ပဏီကနေ လစာယူခဲ့တာကို မကြေညာခဲ့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရာထူးကနေ ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ နဝပ် ရှရစ်ဖ်ကတော့ အဲဒီလစာကို သူ မယူခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။ အင်မ်ရန်ခန်းကို ထောက်ခံသူတွေဟာ အတိုက်အခံ PTI ပါတီ အလံအရောင် အနီနဲ့ အစိမ်းကို ဝတ်ဆင်ပြီး အလံတွေဝှေ့ရမ်းကာ မြို့တော် စစ်ရေးပြကွင်းဆီ ချီတက်ကြပါတယ်။ အဲဒီစစ်ရေးပြကွင်းမှာ အင်မ်ရန်ခန်းက နိုင်ငံတွင်းရှိ တခြား အကျင့်ပျက် နိုင်ငံရေးသမားတွေကိုလည်း ဖော်ထုတ်သွားမှာဖြစ်တယ်လို့ ကတိပြု ပြောကြားခဲ့ပြီး နဝပ် ရှရစ်ဖ်ကို ရာထူးကနေ ဖယ်ရှားခဲ့တဲ့ တရားသူကြီးတွေကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ အင်မ်ရန်ခန်းဟာ နိုင်ငံရေးလောကထဲ ဝင်ရောက်တာ အနှစ် ၂၀ ကျော်ပြီဖြစ်ပြီး သူဟာ လာမယ့် ၂၀၁၈ အထွေထွေရွေးကောက်ပွဲမှာ နဝပ်ရှရစ်ဖ်အပေါ် အသာစီးရချင်တာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up