ဝန်ကြီးချုပ်ပြော

November 17, 2018

ကျူးကျော်အားလုံး ဖယ်ရှားရှင်းလင်းမည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ်ပြော

မန္တလေးမြို့တော်ကို စနစ်ကျတဲ့ ဖွံ့ဖြိုးမှုရှိစေဖို့နဲ့ လူအများနေပျော်ဖွယ်ဖြစ်တဲ့ မြို့တော်တခုအဖြစ် တည်ဆောက်နေတာဖြစ်တဲ့အတွက် မန္တလေးမြို့တော်ရဲ့ အင်္ဂါရပ်ကို ထိခိုက်စေတဲ့ ကျူးကျော်မှန်သမျှ အကုန်ရှင်းလင်းသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်အတွင်းက ညောင်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေး အခမ်းအနားအပြီး သတင်းမီဒီယာအချို့နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောဆိုခဲ့တာပါ။ “သေချာတာတခုကတော့ နိုင်ငံတော်မှာ ပြည်ထောင်စုအဆင့်ကနေလည်း ညွှန်ကြားချက်တွေ ထုတ်ထားပြီးဖြစ်ပါတယ်။ တိုင်းဒေသကြီးကလည်း ဒီကျူးတွေကို အစဉ်လိုက် ဖယ်ရှားသွားမယ်။ ဘာလို့လည်းဆိုတော့ ဖွံ့ဖြိုးဖို့အတွက်က စနစ်ကျတဲ့ ဖွံ့ဖြိုးမှုရှိရမယ်လေ။ လူတွေနေပျော်အောင် မန္တလေးမြို့တော်ကြီးကို လုပ်နေတာလေ” လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ မန္တလေးမြို့တော်အတွင်းမှာ ကျူးကျော်နေထိုင်သူတွေ အများအပြားရှိနေပြီး အမှန်တကယ်နေစရာမရှိလို့ ကျူးကျော်သူတွေထက် စီးပွားဖြစ်ကျူးကျော်သူအရေအတွက်က ပိုမိုများပြားနေတယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။ မန္တလေးမြို့နယ်နိမိတ်အတွင်းက ကျူးကျော်နေထိုင်မှုတွေကို စနစ်တကျ စာရင်းပြုစုနေပြီး အမှန်တကယ် နေစရာမရှိတဲ့အတွက် ကျူးကျော်နေထိုင်သူတွေကို နေစရာဖန်တီးပေးသွားမှာဖြစ်ပြီး အိမ်ရာတွေ ဖော်ဆောင်နေတယ်လို့လည်းဆိုပါတယ်။ ကျူးကျော်နေထိုင်မှုတွေကို ဖယ်ရှားရှင်းလင်းတဲ့ လုပ်ငန်းစဉ်ဟာ ပြည်ထောင်စုအစိုးရက ချမှတ်ပေးထားတဲ့ လုပ်ငန်းစဉ်တရပ်ဖြစ်တယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။ မြန်မာနိုင်ငံအနှံ့ နေစရာအခက်အခဲရှိသူတွေနဲ့ ကျူးကျော်နေထိုင်သူတွေအတွက် စားကျပ်မြေနဲ့ မြေလွတ်မြေရိုင်းတွေကို ဖော်ထုတ်ပြီး အိမ်ရာစီမံကိန်းတွေကို စနစ်တကျ ဖော်ဆောင်ပေးဖို့အတွက်လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ပေါ်တော်မူဘုရားအနီးက ရေကြောင်းရဲတပ်ဖွဲ့ခွဲရုံး တည်ဆောက်မယ့်နေရာမှာ နေထိုင်သူတွေကို ရဲတပ်ဖွဲ့က အင်အားသုံး ဖယ်ရှားရှင်းလင်းခဲ့ပြီး တောင်သူအချို့ကို ဖမ်းဆီး တရားစွဲထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ မန္တလေးမြို့ ဒေသခံ တောင်သူ ၂၀၀ ကျော် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
3 years Ago

August 5, 2017

ရေနံလက်ယက်တွင်းမှရန်ပုံငွေဖြင့် လမ်းဖောက်မည်ဟု မကွေးတိုင်း ဝန်ကြီးချုပ်ပြော

မကွေးတိုင်းဒေသကြီး၊ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းက ရရှိတဲ့ ရန်ပုံငွေနဲ့ လမ်းဖောက်ဖို့ ယာဉ်ယန္တရားတွေ ဝယ်ယူမယ်လို့  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။ “တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းတွေဖောက်လုပ်နိုင်ဖို့၊ ကျေးရွာချင်းဆက်လမ်းတွေ ဖောက်လုပ်နိုင်ဖို့ ယာဉ်နဲ့ ယန္တရားတွေဝယ်နိုင်အောင် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းကရရှိတဲ့ ရန်ပုံငွေထဲက ကျပ်သန်း ၁၆၀၀ သုံးစွဲသွားမှာဖြစ်ပါတယ်” လို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက သြဂုတ် ၅ ရက်နေ့မှာ ဒီဗွီဘီကို ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း သရက်ခရိုင် မင်းလှမြို့နယ်မှာ ၂၀၀၅-၂၀၀၆ ကစပြီး ရေနံလက်ယက် တွင်းလုပ်ငန်းတွေကို စွမ်းအင်ဝန်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့ စတင်ခဲ့တာဖြစ်ပြီး အဲဒီတွင်းတွေက တိုင်းဖွံ့ဖြိုးရေး ရန်ပုံငွေကောက်နေတာပါ။ “တိုင်းဥပဒေချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေမူအရ ကောက်ခွင့်ရှိတယ်ဆိုတာကြောင့် မကွေးတိုင်းကနေ စစ်ကိုင်းတိုင်း၊ မုံရွာက ရေနံချက်ဖိုတွေဆီကို ဆီဘောက်ဆာတွေနဲ့ သယ်တဲ့အခါမှာ တိုင်းရန်ပုံငွေ အနေနဲ့ တစ်ပီပါကို ကျပ် သုံးထောင်နှုန်း ကောက်ခံခဲ့တာဖြစ်ပြီး တချို့ ပြည်ထောင်စု အစိုးရဆီရောက်ပြီး၊ များသောအားဖြင့်တော့ တိုင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် သုံးစွဲသွားမှာပါ” လို့ တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ၂၀၁၆ -၁၇ ဘဏ္ဍာနှစ်မှာ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းတွေက ကျပ်သန်းပေါင်း ၁၅၈၅ ရခဲ့တယ်လို့ သိရပါတယ်။ အရင်အစိုးရ လက်ထက်က ရန်ပုံငွေကောက်ပြီး ကျေးရွာ လျှပ်စစ်မီးလင်းရေး ဓာတ်မီးတိုင်တွေ စိုက်ထူခဲ့ပေမယ့် ဒီနေ့အထိ လျှပ်စစ်မီး မရသေးဘူးလို့ ရေနံမ လျှပ်စစ်မီးလင်းရေးကော်မတီ နာယက သာသနဝေပုလ္လဆရာတော်ဦးပညိန္ဒက ပြောပါတယ်။ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းဟာ လက်ရှိ အနေအထားအရ ပေ ၁၀၀၀ သတ်မှတ်ထားပေးမယ့် ပေ ၁၀၀၀ အထက်တူးဖော်နေရပြီး လုပ်ကိုင်သူတွေဟာ မှောင်ခိုဘဝက မလွတ်မြောက်ကြသေးလို့ ဝယ်ရောင်းလိုင်စင်၊ တွင်းတူးလိုင်စင် သီးခြားထုတ်ပေးစေချင်တယ်လို့ လုပ်ငန်းရှင် ဦးတင်ဖြိုးလင်းက ပြောပါတယ်။ သတင်း-မင်းထီး
4 years Ago
Up